မြစ်ကြီးနား စက်တင်ဘာ ၁၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ဧရာရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်း တွင် ယမန်နေ့ နံနက် ၉ နာရီ အချိန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ အဖွဲ့ဝင်များ၊ ပရဟိတအသင်းဝင်များက ဆေးထိုးနှံရန် လာရောက်သည့် သာသနာ့ဝန်ထမ်းများ၊ အသက် (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများကို သတ်မှတ်နေရာများတွင် နေရာယူစေခြင်း၊ စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို စနစ်တကျ စစ်ဆေးဆောင်ရွက်ပေးပြီး ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
မြစ်ကြီးနားမြို့နယ်တွင် ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ရာဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဩဂုတ်လ (၃၀)ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိပြီး စက်တင်ဘာလ(၁၁)ရက်နေ့ထိ ဆောင်ရွက်ခဲ့ရာ ဆေးထိုးနှံပြီးသူ သာသနာ့ဝန်ထမ်း(၅၄၅)ဦး၊ အသက် (၆၅)နှစ်အထက်သက်ကြီးဘိုးဘွား (၁၉၀၈)ဦး၊ အစိုးရ/ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း (၂၇၂)ဦး၊ လူမှုကူညီရေးအသင်းမှ(၃၅၈)ဦး၊ နိုင်ငံဝန်ထမ်းများ (၁၃၆၇)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၇၇)ဦး၊ စက်ရုံ/အလုပ်ရုံမှ ဝန်ထမ်းများ(၁၁၆၇)ဦး၊ ဟိုတယ်/ မိုတယ်များမှ ဝန်ထမ်း (၈၈) ဦး၊ အကျဉ်း/အချုပ်သား(၈၁၉)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်း(၃၁၉)ဦး၊ စျေးများမှ စျေးရောင်းစျေးဝယ် ပြည်သူများ (၁၈၃၃)ဦး စုစုပေါင်း(၈၇၅၃)ဦးရှိပြီဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။