ဖျာပုံမြို့၌ ၂၀၂၁ခု နှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးခြင်း ဆက်လက်ဆောင်ရွက်

ဖျာပုံ စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ခရိုင်အတွင်းရှိ တောင်သူများအား ၂၀၂၁ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေး ငွေထုတ်ချေးခြင်းကို ဇွန်လ(၁)ရက်နေ့မှ စတင်၍ထုတ်ချေးပေးခဲ့ရာ ယခုအထိ အချိန်စေ့ရောက်ပြီး ချေးငွေ အပြေကျေပြီးဖြစ်သည့် တောင်သူများအား ချေးငွေများ ထုတ်ချေးပေးခြင်းကို စက်တင်ဘာလ ၁၂ရက်နေ့ နံနက်ပိုင်းအချိန်အထိ ထုတ်ချေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးရခြင်းနှင့် ပတ်သက်၍ ဖျာပုံခရိုင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးအောင်မျိုးသန့်က ယမန်နှစ်မိုးစ​ပါး ချေးငွေအပြေ အကျေပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ၂၀၂၁ခု နှစ်အတွက် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း မိမိတို့စိုက်ဘဏ်မှ သတ်မှတ်ထားသည့် ကာလအထိ ချေးငွေအပြေအကျေ ပေးဆပ်ထားသည့် တောင်သူများကိုသာ ချေးငွေထုတ်ချေး ပေးသွားမည် ဖြစ်ပြီး ယခင်နှစ်ထုတ်ချေးထားသည့် ချေးငွေများအပေါ် ပေးဆပ်ရမည့် ကာလတစ်ခု ရွေ့ဆိုင်းပေးခြင်း၊ ဘဏ်တိုးကောက်ခံမည့် ကာလများ ပြင်ဆင်ပေးသွင်းခြင်းကိုလည်း တောင်သူများအကျိုးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထိုကဲ့သို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ယခင်မိုးစပါးစရိတ် ချေးငွေအပြေအကျေ ပေးသွင်းပြီးသော တောင်သူများအား ၂၀၂၁ခု နှစ်အတွက် မိုးစပါးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း ဖျာပုံခရိုင် မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်မှ သိရှိရသည်။

အောင်ဝင်းနိုင်