ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေး

ကလေး စက်တင်ဘာ ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို သံဃာတော်များ၊ သီလရှင်များ၊ အခြားသောဘာသာရေး ခေါင်းဆောင်များ၊ အသက်(၆၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများ၊ ဝန်ထမ်းမိသားစုများ၊ ဘဏ်ဝန်ထမ်းများ၊ ဈေးသူဈေးသားများ၊ လူမှုကူညီရေးအသင်းများ (Volunteer)နှင့် ပုဂ္ဂလိက စက်ရုံအလုပ်ရုံများမှဝန်ထမ်းများကို ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ သတ်မှတ်စု ရပ်နေရာများ၌  ကာကွယ်ဆေး (Sinopharm) များ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးနှံပေးရာစုရပ်နေရာအသီးသီးသို့ ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ကလေး)မှ ဗိုလ်မှူးချုပ် သန့်စင်ဦး၊ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှစိုး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝင်းချိုချိုအောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးရန် လာရောက်သူများကို စာရင်းသွင်း မှတ်တမ်းယူခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် စနစ်တကျနေရာ ယူစေခြင်းများနှင့် လိုအပ်သည်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊   ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ၊ လူမှုကူညီရေး ပရဟိတ အသင်းတို့ပူးပေါင်း ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စုပေါင်းရုံး(OSS)၊ မဟာစည်သာသနာ့ရိပ်သာ၊ မြို့တော်ခန်းမ စသည့်သတ်မှတ်စုရပ် (၃)နေရာတွင် ပုံမှန်အတိုင်း ကာကွယ် ဆေးများ ထိုးနှံပေးခဲ့ပြီး ပထမအကြိမ်မှစုရပ်အခြေခံပညာ အထက်တန်းကျောင်း(အမှတ်-၂)စုရပ်နေရာအား  မြို့တော်ခန်းသို့ ပြောင်းရွှေ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

သတ်မှတ်ထားသော ကာကွယ်ဆေးထိုးနှံရာ စုရပ်နေရာများသို့ ဘာသာရေး အဖွဲ့စည်းများ၊ ဆရာတော် သံဃာတော်များနှင့် သီလရှင်များစုစုပေါင်း(၂၂၇)ပါး၊ အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ (၂၈၂)ဦး၊ ဘိုးဘွားရိပ်သာမှသက်ကြီးဘိုးဘွား(၃၃)ဦး၊ နိုင်ငံဝန်ထမ်း(၂၂၄) ဦး၊ နိုင်ငံဝန်ထမ်းမိသားစု(၁၄၀)ဦး၊ စုစုပေါင်း (၈၅၉)ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

 

ကလေးမြို့တွင်ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဩဂုတ် ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ စုစုပေါင်း(၃၀၀၀)ဦးကို ထိုးနှံပေးခဲ့ပြီး  ယနေ့မှ စက်တင်ဘာ(၁၆) ရက်နေ့အထိ သတ်မှတ်စုရပ်နေရာများတွင်  ကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးမည် ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

 

မောင်ကျော်(ပြန်/ဆက်)