ဆားလင်းကြီးမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinophram) ဒုတိယအကြိမ်တွင် လူဦးရေ (၃၅၆၇)ဦး ထိုးနှံပြီးဖြစ်

ဆားလင်းကြီး စက်တင်ဘာ  ၁၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinophram) ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ် ဆေးဆက်လက်ထိုးနှံခြင်း (၉)ရက်မြောက်နေ့အဖြစ် ယမန်နေ့ နံနက် ၈ နာရီအချိန်က စတင်၍ သတ်မှတ်စု ရပ်နေရာများဖြစ်သည့်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ OSS ခန်းမ၊ ဆားလင်းကြီး (အထက) ရှိ ပန်းမြတ်သဇင်ခန်းမတို့တွင်   မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရှိရသည်။

 

ဆားလင်းကြီးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinophram)ကို ပထမ အကြိမ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ အပါအဝင် ဦးစားပေးအုပ်စုအလိုက် လူဦးရေ (၆၁၀၄)ဦးကို အောင်မြင်စွာ ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ်ကို စက်တင်ဘာ ၅ ရက်နေ့မှ စတင်ထိုးနှံခဲ့ရာ စက်တင်ဘာ ၁၃ ရက်နေ့ အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinophram) ဒုတိယအကြိမ် ထိုးနှံပြီးသူ (၃၅၆၇)ဦးရှိပြီး ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား သတ်မှတ်ရက်များ အတိုင်း ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းကိုနှင့် အဖွဲ့ဝင်များက နေ့စဉ်ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်  စေတနာ့ဝန်ထမ်း Volunteer များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

 

ဥမ္မာခိုင်