ပွင့်ဖြူမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ၁ ဒသမ ၈ ပေ ရေကျော်ကျလျက်ရှိ

ပွင့်ဖြူ စက်တင်ဘာ ၁၄

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုရက်ပိုင်း မိုးရွာသွန်းမှုများကြောင့် ဒေသခံတောင်သူများ စိုက်ပျိုးရေ အတွက် မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံတွင် မိုးရေဝင်ရောက်မှုရှိသဖြင့် တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် တမံရေပိုလွှဲမှ ၁ ဒသမ ၈ ပေခန့် ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့် ထံက သိရသည်။

 

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းကလည်း အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှု ကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုများရှိခဲ့ပြီး တမံရေပြည့်မှတ်အထက် ရေပိုလွှဲမှ ရေကျော်ကျမှုရှိသဖြင့် ဒေသခံပြည်သူများ ကြိုတင်သိရှိနိုင်ရန် အစိမ်းရောင်အလံများ စိုက်ထူ၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ထားရှိခဲ့ကြောင်း ၊ ယခု စက်တင်ဘာလ တွင်လည်း ထပ်မံ၍ မိုးရွာသွန်းမှုများရှိကာ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တိုင်းထွာချက်အရ တမံရေပိုလွှဲမှ ( ၁ ဒသမ ၈ ) ပေ ရေကျော်ကျလျက်ရှိပြီး အဆိုပါ တမံရေပိုလွှဲမှရေကျော်ကျမှုမှာ စိုးရိမ်ဖွယ်ရာအခြေအနေမရှိကြောင်း အဆိုပါ ကြီးအုံကြီးဝ တမံမှ တာဝန်ခံ (AE) ဦးစိုးတင့် က ပြောသည်။

 

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် မင်းဘူးခရိုင်အတွင်း ဆည်ရေအများဆုံး သိုလှောင်ထားနိုင်သည့် တမံတစ်ခု ဖြစ်ကာ ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားထုတ်လွှတ်ပြီး ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကိုလည်း မဟာဓာတ်အား လိုင်းသို့ ပို့လွှတ်ပေးလျက်ရှိသည်။ ထို့အပြင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ (နွေ ၊ မိုး ၊ ဆောင်း ) သီးနှံများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်သို့ ရေများပို့လွှတ်ကာ ဆည်ရေသောက်ဧရိယာအတွင်းရှိ သီးနှံ စိုက်ခင်းများကို စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အလုံအလောက်ရရှိအောင် ဖြန့်ဝေဆောင်ရွက်ပေးနေသဖြင့် ဒေသခံ တောင်သူများအတွက် စိုက်ပျိုးရေ အဓိကမှီခိုအားထားရသည့် တမံတစ်ခုလည်းဖြစ်ကြောင်း သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)