မိုးနဲမြို့၌ ထိခိုက်လွယ်အုပ်စုရှိ ကိုယ်ဝန်ဆောင်၊ အသက် ၅ နှစ်အောက်ကလေးငယ်နှင့် အသက် ၆၀ နှစ်အထက်ရှိသူများအား ထောက်ပံ့ကြေးပေးအပ်

မိုးနဲ စက်တင်ဘာ  ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ Quarantine ဝင်ရောက်နေသူများနှင့် Positive center ရှိ ထိခိုက်လွယ်အုပ်စုများဖြစ်သော ကိုယ်ဝန်ဆောင်၊ အသက် ၅ နှစ်အောက်ကလေးငယ်များ၊ အသက် ၆၀ နှစ်အထက်နှင့် မသန်စွမ်းသူများ အာဟာရလုံလောက်စွာ စားသုံးနိုင်ရန်အတွက် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်း က သက်ဆိုင်ရာအိမ်အရောက် သွားရောက်ကာ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့သွားရောက်ထောက်ပံ့ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်ခိုင်စံပယ်ဖြူ နှင့် သက်ဆိုင်ရာ ရပ်ကွက် စာရေးဝန်ထမ်းများက အသက် ၅ နှစ်အောက် ကလေး ၆ ဦးနှင့် အသက် ၆၀ နှစ်အထက် ၁၁ ဦးကို တစ်ဦးလျှင်ငွေကျပ်  ၃၀,၀၀၀ နှုန်းစီဖြင့် စုစုပေါင်းငွေကျပ် ၅၁၀,၀၀၀ ကို ထောက်ပံပေးခဲ့ကြောင်းသိရသည်။

အလားတူ ကျိုင်းတောင်းမြို့တွင်လည်း သက်ဆိုင်ရာ မြို့အုပ်ချုပ်ရေးမှူး ထံမှတစ်ဆင့် အသက် ၅ နှစ် အောက် ကလေးငယ် ၆ ဦးနှင့် အသက် ၆၀ နှစ်အထက် ၈ ဦးကို တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းစီဖြင့် စုစုပေါင်း ငွေကျပ် ၄၂၀,၀၀၀ ကို ပေးအပ်ထောက်ပံ့ခဲ့ကြောင်းသိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)