ပုလဲမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ

ပုလဲ စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပုလဲရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီက ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခဲ့သော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏  ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ထိုးနှံပေး ခဲ့ကြောင်း သိရသည်။

ထို့သို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ထိုးနှံပေးရာတွင် ကာကွယ်ဆေး  လာရောက် ထိုးနှံသူများကို ကာကွယ်ဆေးမထိုးပေးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းများ ရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် အသက်(၆၅)နှစ်နှင့် အထက်ရှိသူများ၊ အစိုးရ/ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ၊ ရဟန်း/ သံဃာ/ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်းများတွင် ဆောင်ရွက်နေသည့် ယာဉ်မောင်း/ယာဉ်နောက်လိုက်များ၊ ဈေးရောင်း၊ ဈေးဝယ်များ စသည့်ဖြင့်  ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများကို မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ထိုးနှံပေးခြင်း ဖြစ်သည်။

ပုလဲမြို့နယ်၌  သြဂုတ်လအတွင်းက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခဲ့သော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများအလိုက်   သတ်မှတ် ထားရှိသူများအနက်  စက်တင်ဘာ ၄ ရက်နေ့တွင်(၆၄၅)ဦး၊ စက်တင်ဘာ  ၅ ရက်နေ့တွင် (၁၆၅) ဦး၊ စက်တင်ဘာ ၇ ရက်နေ့တွင် (၈၀၀)ဦး၊ စက်တင်ဘာ ၉ ရက်နေ့တွင် (၂၈၅)ဦး၊ စက်တင်ဘာ ၁၀ ရက်နေ့တွင် (၁၀၅)ဦး၊ စက်တင်ဘာ ၁၃ ရက်နေ့တွင် (၁၄၅)ဦး စုစုပေါင်း (၂၁၄၅ ) ဦးအား ဒုတိယအကြိမ် ထိုးနှံပေးနိုင်ခဲ့ပြီး  ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိနေသူများကို ကျန်းမာရေး ဝန်ကြီးဌာန၏   လမ်းညွှန်ချက်များနှင့်အညီ   ဆက်လက်၍  ထိုးနှံပေးမည် ဖြစ်ကြောင်းနှင့်  ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး လှထွဋ်နောင်နှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊  စေတနာ့

ဝန်ထမ်းများက  ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပုံတောင်သား