ဝန်းသိုမြို့နယ်၌ ဝါစိုက်ပျိုးနည်း လက်တွေ့စမ်းသပ်စိုက်ပျိုးပြသ

ဝန်းသို စက်တင်ဘာ ၁၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကင်းကြိမ်ဖူးကုန်းကျေးရွာနေ တောင်သူ ဦးကျော်လှ ယာမြေ ဧကကွက်တွင် ဆောင်းနှမ်းနေရာအစားထိုး ရွှေတောင်- မိုးနှောင်းချည်မျှင်ရှည်ဝါ လက်တွေ့ စမ်းသပ် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 “နိုင်ငံတော်အစိုးရ၏ ချည်မျှင်ရှည်ဝါကုန်ကြမ်းလိုအပ်ချက်ကိုတစ်စိတ်တစ်ဒေသအထောက်အပံ့ ဖြစ်စေဖို့၊ တောင်သူများဆောင်းသီးနှံအစားထိုး ဝါသီးနှံစိုက်ပျိုးခြင်းဖြင့် ပိုပြီးအကျိုးအမြတ်ရရှိစေဖို့၊ ဝါသီးနှံ စိုက်ပျိုးနည်းစနစ်ကို ကျွမ်းကျင်မှုရှိလာစေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ အခုလိုတောင်သူများနဲ့ ပူးပေါင်းပြီးတော့ ဝါစမ်းသပ်စိုက်ပျိုးရခြင်းဖြစ်ပါတယ်၊ ကျွန်တော်တို့မြို့နယ်မှာ နှစ်စဉ်ဆောင်းရာသီ နှမ်းသီးနှံဧက  ၉၀၀၀ကျော်စိုက်ပျိုးလျက်ရှိပြီးတော့ ယခု ဝါစမ်းသပ်စိုက်ပျိုးမှုအောင်မြင်လာရင် တောင်သူများအနေနဲ့ ဆောင်းနှမ်းစိုက်ကွက်တွေမှာ ဝါသီးနှံကိုအစားထိုးစိုက်ပျိုးလာနိုင်မှာဖြစ်ပါတယ်ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေက ပြောသည်။

 

ဝန်းသိုမြို့နယ်တွင် ယခု ၂၀၂၁ ခုနှစ်စိုက်ပျိုးရာသီ၌ မိုးနှောင်းချည်မျှင် ရှည်ဝါ ၂၅ ဧကစိုက်ပျိုးရန် လျာထားလျက်ရှိရာ သီးသန့် ၁၀ဧကနှင့် ပဲတီ / နှမ်းဖြင့် ၁၅ဧကကို စမ်းသပ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မိုးနှောင်းချည်မျှင်ရှည်ဝါသီးနှံသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကိုခံနိုင်ရည်ရှိပြီး ဒေသမရွေးစိုက်ပျိုး ဖြစ်ထွန်းနိုင်သည့်အတွက် ဆောင်းနှမ်းနေရာတွင် အစားထိုးစိုက်ပျိုးခြင်းအားဖြင့် တောင်သူဦးကြီးများ ဝင်ငွေပိုတိုးစေနိုင်ကြောင်း သိရသည်။

 

ကျော်မြိုင်