ပြည် စက်တင်ဘာ ၁၃
ပြည်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံး(ကညန)မှ ဒေသအတွင်း မှတ်ပုံတင် မပြုလုပ်ရသေးသည့် (လိုင်စင်မဲ့)မော်တော်ဆိုင်ကယ်များအား OSSစီမံချက်ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးခြင်းကို ပြည်မြို့ မင်္ဂလာရွှေပြည်ခရိုင်အားကစားကွင်း အားကစားခန်းမ၌ စက်တင်ဘာ ၁၃ရက်မှ အောက်တိုဘာ ၁၅ရက်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ OSS စီမံချက်ဖြင့် မော်တော်ဆိုင်ကယ် လိုင်စင်မှတ်ပုံတင် ပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၉နာရီက စတင်ဆောင်ရွက်လျက်ရှိကာ ယင်းဆောင်ရွက်ခြင်းကို ယခုနှစ် စက်တင်ဘာ ၁၃ရက်မှ အောက်တိုဘာ ၁၅ရက်အထိ စုစုပေါင်းစီမံချက်ကာလ ၂၅ရက် အတွင်း ရုံးဖွင့်ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းသိရသည်။
မော်တော်ဆိုင်ကယ် မှတ်ပုံတင် ပြုလုပ်ရာတွင် ယာဉ်ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း/မိတ္တူနှင့် အိမ်ထောင်စုဇယား မူရင်း/မိတ္တူတို့ ယူဆောင်လာပြီး စာရင်းပေးသွင်းရမည်ဖြစ်ကာ မော်တော်ဆိုင်ကယ်တစ်စီးလျှင် အဆိုပါနေရာ၌ OSSစီမံချက်ဖြင့် ယာယီ ဖွင့်လှစ်ထားရှိသည့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ (၂၄၅၀၀)ကျပ်၊ မြန်မာ့ အာမခံလုပ်ငန်းသို့ (၄၁၅၀)ကျပ်နှင့် မြန်မာ့စီးပွားရေးဘဏ်သို့ ငွေကျပ်(၅၀၀)တို့ ကနဦးပေးဆောင်ရမည်ဖြစ်ပြီး ယာဉ်အမျိုးအစား၊ ထုတ်လုပ်သည့်နိုင်ငံနှင့် ထုတ်လုပ်သည့် ခုနှစ်အလိုက် ပျမ်းမျှစည်းကြပ်တန်ဖိုး အပေါ်မူတည်၍ အကောက်ခွန်ဦးစီးဌာနက တွက်ချက်ကောက်ခံ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ခရိုင် ကညနရုံးမှ သိရသည်။