ပခုက္ကူ စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားပြီး ရေဝင်ရောက်မှုတို့ကြောင့် ပြောင်းရွှေ့နေရသည့် ဘုန်းတော်ကြီး ကျောင်းများနှင့်အိမ်ထောင်စုများအတွက် ဒေသခံအရပ်ဘက်လူမှုရေးအသင်းအဖွဲ့များပူးပေါင်းပြီး ယနေ့နံနက် ၉ နာရီအချိန်က အခြေခံစားသောက်ကုန်ပစ္စည်းများ သွားရောက်ထောက်ပံ့လှူဒါန်းကြသည်။
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုပြီး စက်တင်ဘာလ၂ ရက်နေ့၌ ပြောင်းရွှေ့နေရသည့် ပခုက္ကူမြို့နယ်၊ နုံးပို့ကျေးရွာရှိ အိမ်ထောင်စု (၄၈)စုနှင့် ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်း၊ ဇီးတောကျေးရွာရှိ အိမ်ထောင်စု (၂၀)စု၊ ရေလဲကျေးရွာရှိ အိမ်ထောင်စု (၂၀)စု စုစုပေါင်းအိမ်ထောင်စု(၈၈)စုနှင့်ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်းတို့အတွက် ပခုက္ကူမြို့၊ မျိုးသန့်-MOBILE PHONE အရောင်းဆိုင်၊ MPTဆင်းကတ်ဖြန့်ချီရေးနှင့်ကုန်ပစ္စည်း မျိုးစုံဖြန့်ချီရေးလုပ်ငန်းစုတို့၏ မတည်လှူဒါန်းမှုဖြင့် ဒေသခံအရပ်ဖက်အသင်းအဖွဲ့များပူးပေါင်းကာ အိမ်ထောင်စုတစ်စုလျှင် ဆန်လေးပြည်၊ ကြက်ဥ ၁၀ လုံး၊ ငါးသတ္တာတစ်ဗူး၊ ဆား၅၀ကျပ်သားနှင့်ဘီစကစ်မုန့်တစ်ထုပ်စီ သွားရောက်ထောက်ပံ့လှူဒါန်းကြသည်။
ပခုက္ကူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေတိုက်စားမှုနှင့်မြစ်ရေကြီးမှုတို့ကြောင့် ရေပေါ်ကျွန်းကျေးရွာများနှင့် မြစ်ကမ်းနံ ဘေးရှိကျေးရွာများတွင် ရေဝင်ရောက်လျက်ရှိပြီး နုံးပို့ကျေးရွာတွင် ဉာဏ်တော်ကိုးတောင်၊ လုံးပတ်တော် (၂၈)တောင်ရှိသည့် လေးဆူတော်စေတီတစ်ဆူနှင့် ဗုဒ္ဓရုပ်ပွားတော်လေးဆူ၊ ဉာဏ်တော်(၂၇)တောင်၊လုံးပတ်တော်(၈၀)တောင်ရှိသည့် ရှစ်မျက်နှာ စေတီတော်တစ်ဆူနှင့် ဗုဒ္ဓရုပ်ပွားတော်ရှစ်ဆူ၊ အလျားပေ(၆၀)၊ အနံပေ(၆၀)၊ အမြင့်(၁၅)ပေရှိ သွပ်မိုး၊အုတ်ခင်း၊ သစ်မာ၊ သစ်လုံးတိုင်တို့ဖြင့် တည်ဆောက်ထားသည့် အာရုဏ်ခံတန်ဆောင်းတော် စသည့် ရှေးဟောင်းစေတီတော်များနှင့် အဆောက် အဦးတို့မှာ ပြိုကျပျက်စီးခဲ့ကြောင်း၊ ကျေးရွာရှိ လူတစ်ချို့နှင့်ကျွဲ၊နွားတိရစ္ဆာန်များအား ဥယျာဉ်ကျေးရွာတွင် ယာယီတဲများ တည်ဆောက်ပြီး ပြောင်းရွှေ့နေထိုင်ကြကြောင်း၊ ကျေးရွာသမိုင်းအထောက်အထားစာရွက်စာတမ်းများနှင့် ရှေးဟောင်း ပစ္စည်းများ မပျောက်ပျက်စေရေး စနစ်တကျထိန်းသိမ်းထားကြောင်း၊ ရေဝင်ရောက်သည့်ကျေးရွာနေပြည်သူများအနေဖြင့် ဧရာဝတီမြစ်ရေ ပိုမိုမြင့်တက်လာပါက ကျေးရွာလုံးကျွတ်ပြောင်းရွှေ့ရမည်ဖြစ်သော်လည်း အတည်အကျပြောင်းရွှေ့နေထိုင်ရန် မြေနေရာအခက်အခဲရှိသောကြောင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်လူမှုရေးအသင်းအဖွဲ့များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေး စေလိုကြောင်း ရေဝင်ကျေးရွာနေပြည်သူများက ပြောသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)