ရသေ့တောင် စက်တင်ဘာ ၁၃
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ တိုက်ပွဲရှောင်ကယ်ဆယ်ရေး စခန်းများတွင် နေရပ်စွန့်ခွာ ခိုလှုံနေကြသည့် အသက်(၄၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ကျေးရွာများတွင် နေထိုင်ကြသည် ပြည်သူများအား ပထမအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac)အား စက်တင်ဘာ ၉ ရက်နေ့မှစ၍ သတ်မှတ်စုရပ်အသီးသီးတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်း၊ အောက်ဆီဂျင် တိုင်းခြင်းစသည့် ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများပြုလုပ်ပြီး ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် သက်ကြီး ရွယ်အိုများအား ဌာနဆိုင်ရာများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်းများက လိုအပ်သည်များကို ပူးပေါင်း ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
ရသေ့တောင်မြို့နယ်ရှိ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများတွင် အနယ်နယ်အရပ်ရပ်မှ နေရပ်စွန့်ခွာ ခိုလှုံနေကြသည့် အသက်(၄၅)နှစ်နှင့်အထက် ဒေသခံပြည်သူ(၂၁၉၉)ဦးနှင့် ကျေးရွာများတွင် နေထိုင်ကြသည့် ပြည်သူ(၂၁၄)ဦး စုစုပေါင်း(၂၄၁၃)ဦးတို့အား ပထမအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့် ပြည်သူများကိုလည်း ဆက်လက် ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်စံထွန်း(ပြန်/ဆက်)