ရန်ကုန် စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ ဆေးရုံ၊ တိုက်နယ် ဆေးရုံများ၊ အရေးပေါ်လူနာများ ကုသပေးနိုင်ရေးနှင့် အောက်ဆီဂျင် လိုအပ်နေသော ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် တည်ဆောက်ပြီးစီး လျက်ရှိသော ဗညားဒလရပ်ကွက် ဒလ-တွံတေးကားလမ်းမနှင့် ကနောင်လမ်းမကြီးထောင့်ရှိ အောက်ဆီဂျင်စက်ရုံ၌ အောက်ဆီဂျင်များ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ သတ်မှတ်ထားတာက ဒလမြို့နယ်ပြည်သူ့ဆေးရုံ၊ ရခိုင်ချောင် တိုက်နယ်ဆေးရုံနဲ့ ပျော်ဘွယ်ကြီး တိုက်နယ်ဆေးရုံ ၃ ခုအတွက် အောက်ဆီဂျင်ကို အခမဲ့ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်၊ မြို့နယ်က ပြည်သူတွေအနေနဲ့ လီတာ ၄၀ ဆံ အောက်ဆီဂျင် အိုးတစ်လုံး ဖြည့်ရင် ငွေကျပ် ၆၀၀၀၊ လီတာ ၂၀ ဆံဆိုရင် ငွေကျပ် ၃၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်၊ ဒီလိုမျိုး ဆောင်ရွက်ရတာက အောက်ဆီဂျင်စက်ရုံရဲ့ မီတာခစရိတ်နဲ့ ဝန်ထမ်း စရိတ်တွေရှိပါတယ်၊ ရန်ပုံငွေရရှိမှ စက်ရုံလည်ပတ်ထိန်းသိမ်းရေးအတွက် ရေရှည် အဆင်ပြေမှာဖြစ်ပါတယ်၊ ငွေကြေးအခက်အခဲရှိပြီး လုံးဝ အဆင် မပြေတဲ့ ပြည်သူတွေကို ထောက်ခံစာနဲ့ အောက်ဆီဂျင်ကို အခမဲ့ပေးဝေ သွားမှာဖြစ်ပါတယ်၊ ခုလက်ရှိအချိန်မှာ အောက်ဆီဂျင်လိုအပ်နေတဲ့ အဖွဲ့ အစည်းများနဲ့ ပြည်သူတွေကို ဖြန့်ဝေပေးလျက်ရှိပါတယ်” ဟု ယနေ့ မွန်းလွဲပိုင်းက အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးနှင့် လည်ပတ် ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးဆွေဦးက ပြောကြားခဲ့သည်။
အဆိုပါ Oxygen Plan စက်မှာ တစ်နာရီကို လီတာ ၄၀ ဆံ အောက်ဆီဂျင် ဆလင်ဒါအိုး ၅ လုံးအထိ ထုတ်လုပ်ပေး နိုင်ပြီး၊ အောက်ဆီဂျင်ထုတ်စက်ကို တော်ဝင်ဒီပါကုမ္ပဏီမှ မတည်လှူဒါန်းမှုနှင့် စေတနာရှင်များမှ စုပေါင်း လှူဒါန်းငွေများဖြင့် တည်ဆောက် ထားခြင်းဖြစ်ကာ၊ နေ့စဉ် နံနက် ၈ နာရီမှ ည ၉ နာရီအချိန်ထိ အောက်ဆီဂျင်စက်ရုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် လမ်းညွှန်မှု ဖြင့် အောက်ဆီဂျင်များ လည်ပတ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်းကျော်