မအီမြို့၊ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြသော ကိုဗစ်-၁၉ လူနာများအတွက် သဟာယက နာရေးကူညီမှုအသင်း(မအီ)မှ အဟာရဒါနအဖြစ် စားသောက်ဖွယ်ရာများ ချက်ပြုတ်လှူဒါန်း

မအီ စက်တင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့ ပြည်သူ့ဆေးရုံတွင်  ဆေးကုသမှုခံယူလျက်ရှိကြသော ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများအတွက် စေတနာရှင်၊ အလှူရှင်များအသီးသီးမှ လှူဒါန်းမှုဖြင့် ယမန်နေ့မှစ၍ သဟာယက နာရေးကူညီမှုအသင်း(မအီ)မှ အဟာရဒါနအဖြစ် စားသောက်ဖွယ်ရာများကို ချက်ပြုတ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းခြင်းကို စေတနာရှင်၊ အလှူရှင် (၇)ရက်သား၊ သမီးများ၏ ကောင်းမှုကုသိုလ်ဖြင့် ပြည်သူ့ဆေးရုံ(မအီ)တွင် ဆေးကုသမှုခံယူလျက်ရှိနေသော ကိုဗစ်-၁၉လူနာများ စားရေးသောက်ရေး အဆင်ပြေချောမွေ့စေရန် မနက်စာ၊ ညနေစာ(၇)ရက်အတွက် သဟာယက နာရေးကူညီမှုအသင်း(မအီ)မှ အဟာရဒါနအဖြစ် စားသောက်ဖွယ်ရာများကို တာဝန်ယူချက်ပြုတ်လျက် စနစ်တကျ ထမင်း၊ ဟင်းများ ထုပ်ပိုး၍ လှူဒါန်းပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ မအီမြို့အတွင်းကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ(၃၂)ဦးရှိသည့်အနက် မအီမြို့၊ ပြည်သူ့ဆေးရုံတွင် ယနေ့ထိ ဆေးကုသမှုခံယူလျက်(၇)ဦးရှိကြောင်း၊ သေဆုံး(၃)ဦးရှိခဲ့ကာ ကျန်းမာရေး ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရသူ(၂၂)ဦး ထိရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

မင်းသိန်းထွန်း