ဝန်းသို စက်တင်ဘာ ၁၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သော ရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်း လုပ်ငန်း အောင်မြင်ပြီးစီးခြင်းအထိမ်းအမှတ် ကျေးရွာလူထုအခြေပြု စွန့်ပစ်အမှိုက်စီမံ ခန့်ခွဲမှုစနစ်နှင့် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ မန်ကျည်းကုန်းကျေးရွာအုပ်စု၊ လေဘိုကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ကျေးရွာစိတ်ဓာတ်၊ ရေအရင်းမြစ်ထိန်းသိမ်းနည်း၊ ကျေးလက်ဒေသဥပဒေ၊ အမှိုက်စီမံခန့်ခွဲမှုအကြောင်းနှင့် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးအကြောင်းတို့ကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီး မှူး ဦးတင့်ဆွေက ဝါစိုက်ပျိုးနည်း၊ မိုးစပါး တစ်ဧက တင်း ၁၀၀ကျော်ထွက်ရှိရေးစီမံကိန်းအကြောင်း၊ သဘာ ဝမြေဩဇာတွဲဘက်သုံးစွဲနည်းနှင့် ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နှင်းမှု စနစ်အကြောင်း တို့ကို လည်းကောင်း၊ မြို့နယ်ကျေးလက်ဦးစီးဌာန ဒုတိယဦးစီးမှူးက ကျေးရွာလူထုအခြေပြု စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှု စနစ်အကြောင်းနှင့် အမှိုက်၏ဖွင့်ဆိုချက်၊ အမှိုက်အမျိုးအမျိုးအကြောင်းတို့ကိုလည်းကောင်း အသီးသီးအသိ ပညာပေးဆွေးနွေးဟောပြောခဲ့သည်။
လေဘိုကျေးရွာ ရွာတွင်းလမ်းအရှည်ပေ ၁၃၅၀၊ အကျယ် ၁၄ပေ၊ ထု ၆လက်မ ရှိ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို VDPစီမံကိန်း ရန်ပုံငွေကျပ်သိန်း ၁၀၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၄၅၀၀၀၊ လုပ်အား ထည့်ဝင်ငွေကျပ် ၂၆၉၀၀၀၀ သိန်း၊ စုစုပေါင်းကုန်ကျငွေကျပ် ၁၂၇၃၅၀၀၀ သိန်းဖြင့် ကျေးရွာပြည်သူများ ကိုယ်တိုင် စီမံခန့်ခွဲအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်မြိုင်