ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးသူ ၄၉၆၈ ဦး ရှိပြီဖြစ်ပြီး ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိ

ကျောက်ဖြူ စက်တင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခဲ့သူများကို အမှတ်(၃)၊ အခြေခံပညာ အထက်တန်းကျောင်းရှိ စန္ဒကူးခန်းမတွင် သတ်မှတ်ပေးထားသည့် နေ့ရက်များအလိုက် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ ကာကွယ်ဆေး လာရောက်ထိုးနှံပြီးသူ ၄၉၆၈ ဦးရှိပြီဖြစ်ပြီး ကျန်ရှိနေသူများအား အဆိုပါခန်းမတွင် ဆက် လက်ထိုးနှံပေး လျက်ရှိသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံရာတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ရဟန်းသံဃာတော်များ၊ ဘိုး/ဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများကို သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများသာ ကာကွယ် ဆေးများကိုထိုးနှံပေးလျက်ရှိသည်။

ကျောက်ဖြူမြို့နယ်၌ အဆိုပါကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် သြဂုတ်လ(၁)ရက်နေ့တွင် စတင်ထိုးနှံပေးထားပြီးဖြစ်ကာ ဒုတိယအကြိမ်အဖြစ် သြဂုတ်လ(၂၉)ရက်နေ့တွင် ဆက်လက် ထိုးနှံပေးလျက်ရှိပြီး စက်တင်ဘာလ ၁၂ ရက်နေ့အထိ အသက် ၆၅ နှစ်အထက် ၂၁၂၈ ဦး၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း ၃၂ ဦး၊ Volunteer/ပရဟိတအသင်းအဖွဲ့များမှ ၂၂၇ ဦး၊ ဘိုးဘွားရိပ်သာမှ ၁၅ ဦး၊ ဘုန်းကြီး၊ သီလရှင်/ဘာသာရေးကျောင်းများမှ ၁၄၇ ဦး၊ နိုင်ငံ့ဝန်ထမ်း ၄၉၁ ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု ၂၂ ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း ၅၆ ဦး၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်း ၂၉၇ ဦး၊ ဟိုတယ်၊မိုတယ်/ တည်းခိုခန်းများမှဝန်ထမ်း ၉၉ ဦး၊ အကျဉ်းသား၊ အချုပ်သား ၂၃၀ ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်း ၆၂ ဦး၊ Super Market/ဈေးများမှ ၁၁၆၂ ဦး၊ စုစုပေါင်း ပြည်သူ ၄၉၆၈ ဦးအား ထိုးနှံပေးထားပြီးဖြစ်ကာ ကျန်ရှိနေသူများကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း  မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)