နမ္မတူ စက်တင်ဘာ ၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကိုထိထိရောက်ရောက်ကာကွယ်နိုင်ရန် ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့် သံဃာတော် ၂၅ပါးနှင့်အထက် စာသင်တိုက်/ကျောင်းတိုက်များတွင် သီတင်းသုံးလျက်ရှိသည့် ရဟန်းများ၊ သာမဏေများနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၇)နာရီအချိန်ခန့်တွင် နမ္မတူမြို့နယ်၊ ဆိုက်ခေါင်ကျေးရွာရှိ တုန်ဟုန်းခမ်းကျောင်းတိုက်နှင့် ပန်ဟိုက်ရပ်ကွက် (၅)ရှိ မြို့လယ်ကျောင်းတိုက် တို့၌ ဆောင်ရွက်ခဲ့သည်။
ထို့သို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မေတ္တာရှင်လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ဆိုက်ခေါင်ကျေးရွာရှိ တုန်ဟုန်းခမ်းကျောင်းတိုက်တွင် သီတင်းသုံးတော်မူလျက်ရှိသည့် ရဟန်း၊ သာမဏေ ၃၆ပါးအား ဓါတ်ခွဲနမူနာရယူ၍ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ သာမဏေ ၃ပါးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။
ဆက်လက်၍ ပန်ဟိုက်ရပ်ကွက် (၅)ရှိ မြို့လယ်ကျောင်းတိုက်တွင် သီတင်းသုံးတော်မူလျက်ရှိသည့် ရဟန်း ၁၉ပါး၊ သာမဏေ ၁၈ပါး စုစုပေါင်း ၃၇ပါးအား ဓါတ်ခွဲနမူနာရယူ၍ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ရဟန်း (၄)ပါး၊ သာမဏေ (၂)ပါး စုစုပေါင်း (၆)ပါးတွင် ကိုဗစ်ပိုး တွေ့ရှိရကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
နမ္မတူမြို့နယ်တွင် ဇွန်လ (၁၆)ရက်နေ့မှ ယနေ့နံနက်ပိုင်းအချိန်ထိ ကိုဗစ်-၁၉ပိုးတွေ့ရှိသူ ၄၉၈ဦး ရှိပြီး၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၃၁၆ဦးရှိကာ၊ ၁၅ဦး သေဆုံးခဲ့ပြီး ဆေးကုသဆဲပိုးတွေ့လူနာ ၁၆၇ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရသည်။
လူမော် (ပြန်/ဆက်)