နောင်ချိုမြို့စေတနာမွန်လူမှုကူညီရေးအသင်းသို့ အလှူငွေကျပ် (၈၀) သိန်းနှင့် ကျန်းမာရေးသုံး ပစ္စည်းများ လှူဒါန်း

နောင်ချို  စက်တင်ဘာ   ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် စေတနာမွန်လူမှုကူညီရေးအသင်းသို့ တောင်ရပ် ကွက်နေ ဒေါ်သန်းသန်းအေး မိသားစုမှ အလှူငွေကျပ်(၈၀)သိန်းနှင့် ကျန်းမာရေးသုံး ပစ္စည်းများကို ယမန်နေ့က လှူဒါန်းခဲ့ကြောင်း စေတနာမွန်လူမှုကူညီရေးအသင်းထံမှ သိရသည်။

လှူဒါန်းရာတွင် နောင်ချိုမြို့ တောင်ရပ်ကွက်နေ နှစ်ဖက်သောမိဘများအားအမှူးထားကာ ဦးအောင်မြတ်အားရည်စူး၍  ဒေါ်သန်းသန်းအေး မိသားစုမှ အောက်ဆီဂျင် ၁၅ လီတာ အိုး(၁၀)လုံး၊ နာရေးအအေးခေါင်း(၁)လုံး၊ အရေးပေါ် လူနာတင်ယာဉ်တစ်စီး ဝယ်ယူရန်အတွက် အလှူငွေကျပ်(၈၀)သိန်း တိတိကို လှူဒါန်းပေးခဲ့ရာ စေတနာမွန် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ  ဦးနေဦးသာက လက်ခံရယူခဲ့သည်။

စေတာနမွန်လူမှုကူညီရေးအသင်းသို့ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများကို အခါအားလျော်စွာ လှူဒါန်းပေးလျက်ရှိပြီး အဆိုပါအသင်းအနေဖြင့်လည်း ကိုဗစ်-၁၉ရောဂါကာ ကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဖြစ်သည့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိကွင်းဆင်း စစ်ဆေးခြင်းတို့တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ ရောဂါပိုးရှိသူများအား စင်တာများသို့ ပို့ဆောင်ပေးခြင်း၊ သေဆုံးသူများ၏ နာရေးကိစ္စများ ဆောင်ရွက်ပေးခြင်း၊ အောက်ဆီဂျင် လုံလောက်မှု ရှိစေရန် ပူးပေါင်းဆောင်ရွက်ခြင်း၊ မြို့ နယ်အတွင်း ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်လျက်ရှိပါကြေင်းနှင့်အရေးပေါ်လိုအပ်ပါက ၎င်းအသင်းထံသို့ ၂၄ နာရီဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း စေတနာမွန်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ထွေးငယ်၊(ပြန်/ဆက်)