ငဖဲမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ညှိနှိုင်းဆွေးနွေး

ငဖဲ စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင် ငဖဲမြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်ပျံ့ပွားမှု လျော့နည်းစေရေးအတွက် ယခုဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာ၌ အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန် ကျန်ရှိနေသော ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံဝန်ထမ်းများနှင့် အသက် (၁၈)နှစ်အထက်ရှိ ပြည်သူများကို ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်၍ တက်ရောက် လာကြသည့် ကိုဗစ်-၁၉ ကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းအောင်မြင်စွာ ထိုးနှံပြီးစီးနိုင်ရေး အတွက် လိုအပ်သည်များကို ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်ပေးကြရန် ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နိုင်ဝင်းနှင့်အဖွဲ့ဝင် (၂)ဦး တင်မောင်အေးတို့က မြို့နယ်လုံးကျွတ် ဒုတိယအကြိမ် ကာကွယ်ဆေး အကြိမ်ရေပြည့် ထိုးနှံနိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အသိပညာပေး ပြောကြားခြင်း၊ စည်းရုံးဆောင်ရွက်ခြင်းများ ကြိုတင်စီစဉ် ဆောင်ရွက်ထားကြရန်နှင့် ပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသူများက မြို့နယ်အတွင်းရှိ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများ ကာကွယ်ဆေး လာရောက် ထိုးနှံနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြရာ မြို့နယ် အုပ်ချုပ်ရေးမှူးမှ လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့သည်။

ငဖဲမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို သြဂုတ်လ (၂၉)ရက်နေ့မှ စက်တင်ဘာလ (၁၂)ရက်နေ့အထိ ဆေးထိုးစုရပ် (၃)နေရာနှင့် ရပ်ကွက် / ကျေးရွာအုပ်စုများအရောက် မိုဘိုင်းကွင်းဆင်းထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူ(၃၈၇၆)ဦး လာရောက်ထိုးနှံခဲ့ပြီး ပြည်သူ(၂၂၄)ဦး ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသေးကြောင်းနှင့် အကြိမ်ရေပြည့် ထိုးနှံပြီးသူ (၆၁၄၅)ဦး ရှိကြောင်း သိရသည်။

မယု (ငဖဲ)