ပေါင်းတည် စက်တင်ဘာ ၁၃
ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အောက်ဆီဂျင်ဆီထုတ်စက်ရုံ တည်ဆောက်ရန်အတွက် ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဝရတ်ခန်းမတွင် အလှူရှင်များ၊ တည်ဆောက်ရေးကော်မတီအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်းညှိုနှိုင်း အစည်းအဝေးကို ပြုလုပ်ခဲ့သည်။
ပေါင်းတည်မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံကို မြို့နယ်ပြည်သူ့ဆေးရုံကြီးအတွင်း သံဃာ့ဆေးရုံအဟောင်းနှင့် ကပ်လျက်နေရာတွင် တည်ဆောက်တော့မည် ဖြစ်ပါသည်။ ထိုစက်ရုံအတွက် အဆောက်အဦးကို ဆရာတော်ဘုရားများ၏ မတည်မှုနှင့် မြို့မိမြို့ဖ အောက်ဆီဂျင် ကော်မတီဝင်များက တာဝန်ခံ တည်ဆောက်မည် ဖြစ်ပါသည်။
စက်ရုံ အဆောက်အဦကို မတည် လှူဒါန်းရာတွင် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် မြို့မဆရာတော်ကြီး ဦးဆောင်သော သံဃာတော်များ တပည့်ဒါယကာ ဒါယိကာမများ၏ လှူဒါန်းငွေများ၊ ပေါင်းတည်မြို့နယ်လုံးဆိုင်ရာ မဟာဒွါရဂိုဏ်း သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် ဆရာတော်များနှင့် တပည့် ဒါယကာ ဒါယိကာမများ၏ လှူဒါန်းငွေများ ဖြင့်မတည် တည်ဆောက်သွားမည် ဖြစ်ပါသည်။ထို့ကြောင့်နေ့လည် တစ်နာရီတွင် ပန္နက်တင် မင်္ဂလာပြုလုပ်ရာ ပန္နက်တင်မင်္ဂလာသို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြို့မဆရာတော် မဟာဒွါရတိုင်းဝိနည်းဓိုရ် ညောင်ပင်ကုန်းဆရာတော် မြို့နယ်ဝိနည်းဓိုရ် သဖန်းချိုဆရာတော် သဖန်းကုန်း ဖြေဆည်ရာဆရာတော် တို့ကို ပင့်လျှောက်သဖြင့် ကြွရောက်ကာ အောင်ဂါထာများဖြင့် ပန္နက်ရိုက်တော်မူကြပါသည်။
အဆိုပါ ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ မြို့မရိပ်သာဆရာတော်ကြီးနှင့် ဆရာတော် သံဃာတော်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် အဖွဲ့ဝင်များ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)