မအူပင်ခရိုင် မအူပင်မြို့နယ်အတွင်းရှိ အသက်၆၅နှစ်နှင့် အထက်ရှိသူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး

မအူပင် စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင် မြို့နယ်အတွင်းရှိအသက် ၆၅ နှစ်နှင့်အထက်ရှိသူ များအားကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံမှုအား ယနေ့ နံနက် ၉ နာရီက မအူပင်မြို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းတွင်ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာ ကျော်စွာလွင်၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့်တာဝန်ရှိသူတို့က ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် အသက် ၆၅ နှစ်နှင့် အထက်အဘိုးအဘွားများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ပြုလုပ်ပေးပြီး နောက် ကာကွယ်ဆေးအား စနစ်တကျ ထိုးနှံပေးခဲ့ပြီးမိနစ် ၃၀အနားယူစေပြီး စိတ်ချ သည့် အခြေအနေရောက်ရှိမှသာစနစ်တကျပြန်ခွင့်ပြုထားကြောင်း သိရသည်။

မအူပင်မြို့နယ်အတွင်း ဆေးထိုးအုပ်စုနေရာများအဖြစ်ကျောင်းရွာ (အထက)​ကျောင်း၊ မလတ်တို (အထက)ကျောင်း၊ ရွှေတောင်မှော်(အထက)ကျောင်း၊ ကျွဲဒုံး(အထက)ကျောင်း၊လက်ပံကုန်း (အထက) ကျောင်း၊မအူပင်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းစသည့် နေရာများတွင် အဖွဲ့(၆)ဖွဲ့၊ နေရာ(၆)နေရာခွဲပြီးအုပ်စုပေါင်း(၈၈)အုပ်စုများအား သတ်မှတ်ရက်များအလိုက် ဆက်လက် ထိုးနှံပေး လျက်ရှိရာ အုပ်စုတာဝန်ခံများက​ကြီးကြပ်လျက် ရှိပြီး မအူပင်မြို့ပေါ် အနေဖြင့်ယနေ့တွင် အသက်၆၅ နှစ် နှင့်အထက် (၉၁၂၁)ဦး ခန့်ထိုးပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။