ပင်လောင်းမြို့နယ်အတွင်းရှိ စာသင်တိုက်နှင့်ကျောင်းတိုက်များရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ RDT Test kit ဖြင့် အခမဲ့ စစ်ဆေးပေး

ပင်လောင်း   စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ကိုးခေါင် ရပ်ကွက် အတွင်းရှိ ကိုးခေါင်ပရိယတ္တိစာသင်တိုက်ရှိသံဃာတော်များအား ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ သွားရောက် စစ်ဆေး ပေးခဲ့သည်။

ကိုးခေါင်ရပ်ကွက်အတွင်းရှိ ကိုးခေါင်ပရိယတ္တိစာသင်တိုက်ရှိ သံဃာတော် (၆)ပါး၊ ရှင်သာမဏေ (၆၀)ပါး စုစုပေါင်း (၆၆)ပါးကို ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ရှိ/မရှိ RDT Test kit ဖြင့် စစ်ဆေးခဲ့သည်။

ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းကို ပင်လောင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပင်လောင်း ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုးခေါင်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်းကို သွားရောက်ဆောင်ရွက်ခဲ့သည်။

သံဃာတော်နှင့်သာမဏေများကို ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာ ကျန်းမာရေး ကောင်းမွန်ပြီး ရောဂါပိုး မရှိကြောင်း စစ်ဆေးတွေ့ရှိသည်။

ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် Test kit များကို ပင်လောင်းမြို့နယ် ကျန်းမာရေးဌာန၏အစီအစဉ်ဖြင့် အခမဲ့ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသေးသော စာသင်တိုက်များနှင့် ကျောင်းတိုက်များကိုလည်း ဆက်လက် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ပင်လောင်း)