လဲချားမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး

လဲချား   စက်တင်ဘာ  ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်အားကစားခန်းမတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေ၊ လဲချားမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးမှ  ဥပဒေအရ နိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် မေလ(၃)ရက်နေ့မှ စတင်ပြီး ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ မိမိတို့မွေးဖွားရာ ဇာတိတွင် အမြဲနေထိုင်ပြီး အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများနှင့် ရွှေ့ပြောင်း နေသူများ အနေဖြင့် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သူ လက်မှတ် မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပန်းခင်းပရဟိတလူငယ်များအဖွဲ့နှင့်ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်အတွင်းမှ နိုင်ငံသား စိစစ်ရေးကတ်ပြားပြုလုပ်ရန် ရှေ့ပြေးလျှောက်လွှာ ဖြန့်ဝေပေးထားသူ (၃၅)ဦးကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ရုံးမှ ပန်းခင်း စီမံချက်ဖြင့် မေလ ၃ ရက်နေ့က စတင်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၄၉)ခုကို အခမဲ့ ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

လွှမ်းသူနောင် (လဲချား)