နောင်ချို စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က နောင်ချိုမြို့ပေါ်ရှိ ကတီပင်ကျောင်း၊ ဟော်တော်ကျောင်း၊ သုံးဆယ်အုပ်စုအတွင်းရှိ စစ်ကဲကုန်းကျောင်း၊ ဇီးဖြူပင်ကျောင်း၊ အထက်ကြူအင်းကျေးရွာရှိ ကြူအင်းကျောင်း၊ သရက်ကုန်းအုပ်စုရှိ သရက်ကုန်းကျောင်း၊ ဇာလီကျောင်း၊ အင်းဦးကျောင်း၊ ဆမ္မဆယ်အုပ်စုရှိ ဆမ္မဆယ်ကျောင်း စုစုပေါင်း ဘုန်းတော်ကြီး ကျောင်း ၉ ကျောင်းမှ သံဃာတော် ၂၄၉ ပါး၊ သုံးဆယ်ကျေးရွာ မြို့မသီလရှင်ကျောင်းမှ သီလရှင် ဆရာလေး ၁၂ ပါး စုစုပေါင်း ၂၆၁ ပါးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ သံဃာ (၁) ပါး၌သာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာများ၊ ပရဟိတအသင်းများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများကို ရှာဖွေဖော်ထုတ် စစ်ဆေးခဲ့ကြပြီး ကျန်ရှိသည့် ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ကျေးရွာ၊ ရပ်ကွက်များသို့ ဆက်လက်ကွင်းဆင်း၍ စစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောင်ချိုမြို့နယ်အနေဖြင့် စက်တင်ဘာလ(၁၂) ရက်နေ့ထိ အတည်ပြုလူနာ (၂၅၂၁)ဦး၊ သေဆုံးသူ (၃၃) ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူ (၂၀၀၆) ဦး၊ ကုသမှုခံယူနေဆဲ (၄၈၂)ဦး ရှိကြောင်း၊ ကိုဗစ်-၁၉ရောဂါ အမြန်ဆုံး ကွင်းဆက်ပြတ်တောက်နိုင်စေရန် ရည်ရွယ်၍ ကျေးရွာများအရောက် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)