ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်

ဖြူး စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ရောဂါကူးစက်ဖြစ်ပွားနေမှုကို ထိန်းချုပ်ရေး၊ ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေး စသည့်  အသိပညာပေးခြင်းကို ယနေ့နံနက် (၈)နာရီမှစတင်၍ မြို့ပေါ်ရပ်ကွက်အတွင်း လမ်းများနှင့် ဖြူးကားဝင်းအတွင်းတို့တွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေး ဆိုင်ရာ ထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရေး အချက်များ၊ မဖြစ်မနေ အရေးကြီးကိစ္စများကြောင့် သွားလာရာ၌ ပါးစပ်နှင့်နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာနိုင်ရန်၊ အပြင်မှပြန်လာပြီးတိုင်း ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ ကူးစက်ရောဂါပြန့်ပွားမှုအား အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး အတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်း  နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်တွင် စက်တင်ဘာ(၁၂)ရက်နေ့ ညပိုင်းအထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ(၃)ဦး ထပ်မံတိုးပြီး ယနေ့ထိ စုစုပေါင်းအတည်ပြုလူနာ(၁၂၆၃)ဦး၊ သေဆုံးသူမှာ(၇၅)ဦးအထိ ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။

နေမျိုးလွင်