ပွင့်ဖြူ စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က စက်တင်ဘာ ၁၁ ရက် ၊ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ချောင်းဆုံ ကျေးရွာသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျေးရွာနေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးညွန့်ဝင်းထူးက ပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးခြင်းဖြစ်ကြောင်းနှင့် ဒေသခံပြည်သူ များအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း လာရောက်ပြုလုပ်ရာတွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှု မဖြစ်စေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ထားရှိသော ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ကြရန် ဆွေးနွေး ပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ကျွဲတံခေါးကျေးရွာအုပ်စု ၊ ချောင်းဆုံကျေးရွာရှိ ဒေသခံပြည်သူ(၃၃)ဦးအား ပန်းခင်းစီမံချက်ဖြင့် အထောက်အထားများ စိစစ်၍ နိုင်ငံသား စိစစ်ရေးကတ်ပြား နေ့ချင်းပြီး အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။ ထို့အပြင် ကျေးရွာရှိ အိမ်ထောင်စုလူဦးရေစာရင်းတွင် ကလေးဖွားတိုးစာရင်း (၁၅)ဦးကိုလည်း ထည့်သွင်း ဆောင်ရွက်ပေးခဲ့သည်။
ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား အခမဲ့ ပြုလုပ်ပေးခြင်းကို လူဦးရေ ၃၉၀၀ လျာထား ပြုလုပ်ပေးသွားမည်ဖြစ်ပြီး သတ်မှတ် လျာထားဦးရေ ပြည့်မီရေးအတွက် ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများအား စဉ်ဆက်မပြတ် ကွင်းဆင်းပြုလုပ် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )