မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် (ရန်ကုန်တိုင်း)မှ ကိုယ်ခံအားမြှင့် ဗီတာမင် D3 ဆေးရည်များ လှူဒါန်း

ငပလီမြို့ စက်တင်ဘာ  ၁၂

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ငပလီမြို့ ၊ ဂွမြို့နှင့် ကျိန္တလီမြို့ရှိ ပြည်သူများအတွက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်(ရန်ကုန်တိုင်း)မှ လှူဒါန်းသည့် ကိုယ်ခံအားမြှင့် ဗီတာမင် D3 ဆေးရည်များကို ငပလီမြို့ ပရဟိတအဖွဲ့ဝင်များက ရန်ကုန်မြို့တွင် သွားရောက် လွှဲပြောင်းလက်ခံ ခဲ့ပြီး ပြည်သူ့လက်ဝယ်ရောက်ရှိနိုင်ရေးအတွက် စက်တင်ဘာလ(၁၂) ရက်နေ့ မွန်းလွဲ (၂)နာရီအချိန်က သက်ဆိုင်ရာ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ လွှဲပြောင်းလှူဒါန်းရာ ငပလီမြို့ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးစင်တာမှ တဆင့် ငပလီမြို့ ဂေါ့ရပ်ကွက် ပြည်သူ (၂၂၅၀)ဦးအတွက် ဆေးရည် (၁၅) လီတာ ၊ ဇီးဖြူကုန်းရပ်ကွက် ပြည်သူများ(၁၉၅၀) ဦးအတွက် (၁၃) လီတာ ၊ လင်းသာရပ်ကွက် ပြည်သူ (၁၈၀၀) ဦးအတွက် (၁၂) လီတာ ၊ မြပြင်ရပ်ကွက် ပြည်သူ (၁၅၀၀) ဦးအတွက် (၁၀) လီတာ ၊ ဂျိတ္တောရပ်ကွက် ပြည်သူ (၂၂၅၀) ဦးအတွက် (၁၅) လီတာ ၊ ဂွမြို့နယ် ကမ်းသာယာကျေးရွာ အုပ်စု ပြည်သူ (၁၅၀၀) ဦးအတွက် (၁၀) လီတာများကို ငပလီမြို့ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးစင်တာမှ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏လက်ဝယ်အရောက် လှူဒါန်းပေးခဲ့ပြီး ဂွမြို့နယ်နှင့် ကျိန္တလီမြို့ရှိ  ပြည်သူ (၁၈၀၀၀) ဦးအတွက် (၁၂၀) လီတာအား သံတွဲခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ မှတဆင့် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်(ရန်ကုန်တိုင်း)မှ လှူဒါန်းသည့် ကိုယ်ခံ အားမြှင့် ဗီတာမင် D3 ဆေးရည် (၃၄၅) လီတာများကို သက်ဆိုင်ရာမြို့နယ်များရှိ တာဝန်ရှိသူ များထံလွှဲပြောင်းပေးအပ်ခဲ့ပြီးကြောင်းနှင့် ယခုဆေးရည်များသည် ငပလီမြို့ ပြည်သူများ အတွက် ဒုတိယအကြိမ်ရောက်ရှိခြင်းဖြစ်ကြောင်း ပရဟိတဆောင်ရွက်နေသူ ကိုသက်လွင်ဖြိုးထံမှ သိရသည်။

ရန်ငြိမ်း ၊ ပြန်/ဆက်