ဝန်းသိုမြို့နယ်တွင် ကျေးလက်ရေရရှိရေးထပ်မံဆောင်ရွက်သည့်လုပ်ငန်း ပြီးစီးအောင်မြင်ရေး ကြီးကြပ်ဆောင်ရွက်

 

ဝန်းသို စက်တင်ဘာ ၁၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ မြိုင်ဇေယျာကျေးရွာတွင်  သောက်သုံးရေရရှိရေး စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းမှ လက်တူးတွင်းမှတဆင့်  ရွာတွင်းသောက်သုံးရေဖြန့်ဝေ သည့်စနစ်သို့ ပြောင်းလဲဆောင်ရွက်သည့်လုပ်ငန်း အချိန်မီပြီးစီးနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနမှဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ယနေ့နံနက် ၁၀နာရီအချိန်၌ ကွင်းဆင်းကြီး ကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

"မြိုင်ဇေယျာကျေးရွာမှာ ဇန်နဝါရီလတတိယပတ်ကတည်းက စက်ရေတွင်းတူးခဲ့တာ၊  ပေ(၁၅၀) လောက်ရောက် တော့ ကျောက်အရမ်းမာလို့  နောက်တစ်တွင်းထပ်တူးတယ်၊ ပေ (၂၅၀)လောက်ရောက် တဲ့ခါ ရေစမ်းမောင်း ကြည့်တယ်၊ လုံလောက်တဲ့ရေမရဘူး ထပ်တူးဖို့ကြတော့လည်းကျောက်မာတာကြောင့် အဆင်မပြေလို့ လုပ်ငန်း ပြောင်းလဲ ဆောင်ရွက်ခွင့်တင်ပြပြီး ဆောင်ရွက်ခဲ့ကြတာပါ၊ အခုလုပ်ငန်း က ရွာဦးကျောင်းရဲ့ တောင်ခြေလေးမှာ နွေ၊မိုး၊ ဆောင်းရေမပြတ်တဲ့လက်တူးတွင်းလေးရှိတယ်၊ အဲဒီတွင်း ကနေရွာရဲ့အမြင့်ဆုံးအပိုင်း တောင်ထိပ်နားမှာ ရေကန်တည်ပြီး ရေကန်ကနေတစ်ဆင့် ရွာတွင်းရေဖြန့်ဝေ တဲ့စနစ်ကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ် အခုစစ်ဆေး ချိန်မှာ လုပ်ငန်းရဲ့ ၅၀ရာခိုင်နှုန်းကျော်ထိ ပြီးစီးနေပြီ ဖြစ်ပါတယ်" ဟု လုပ်ငန်းဆောင်ရွက်နေမှုအပေါ် မြို့နယ် ဦးစီးမှူးက ပြောသည်။

 

ဝန်းသိုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးဘတ်ဂျက်နှင့် ကျေးရွာနှစ်ရွာ၊ ပြည်ထောင်စုဘတ်ဂျက်( မူလ)နှင့် ကျေးရွာ လေးရွာ၊ ပြည်ထောင်စုဘတ်ဂျက် (မွမ်းမံ)ရန်ပုံငွေနှင့် ကျေးရွာ တစ်ရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာနှစ်ရွာ၊ စုစုပေါင်း ကျေးရွာ ၉ ရွာတွင် ကျေးလက်ဒေသရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ကျော်မြိုင်