ငဖဲ စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ လျှပ်စစ်ဓါတ်အားသုံးစွဲကြသည့် ပြည်သူများအနေဖြင့် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုအကြိမ်ရေလျော့နည်းရေး၊ လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး၊ ယူနစ်ပျောက်ဆုံးမှု လျော့နည်းရေး၊ ဓါတ်အားလိုင်းကြံ့ ခိုင်ကောင်း မွန်ရေးနှင့် အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ငဖဲ)၏ ထုတ်လုပ်မှုလုပ်ငန်းများ ထိခိုက်မှုမရှိ စေရေးတို့ကို ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ဓါတ်အားများ ခေတ္တဖြတ်တောက်ကာ ငဖဲမြို့နယ် လျှပ်စစ်မှူးရုံးမှ မြို့နယ်မန်နေဂျာ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ၁၁ ကေဗွီဓါတ်အားလိုင်းကြံ့ခိုင်ကောင်းမွန်ရေး သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ငဖဲမြို့နယ်လျှပ်စစ်မန်နေဂျာ ဦးအောင်ကျော်မင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ငဖဲမြို့နယ် နယ်ဇောကျေးရွာအနောက်ဘက် မန်းဆည်လမ်းပေါက်မှ မြို့နယ်အထိ သွယ်တန်းထားရှိသော ဓါတ်အားလိုင်းတစ်လျောက်နှင့် ပင်ဦး၊ ချောင်းဖြူ၊ နယ်ဇော၊ ကံသာ၊ သရက်ပင်၊ မင်းလွင်၊ ကျောင်းကုန်း၊ ငဖဲမြို့အရှေ့ဘက်အထွက် အိုးမြေတွင်း၊ ဇီးတောတစ်ဝိုက် သွယ်တန်းထားရှိသော ၁၁ ကေဗွီဓါတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓါတ်အား လိုင်းပြုပြင်ထိန်း သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မယု (ငဖဲ)