သီပေါ စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ၊နမ့်လန်ကျေးရွာတွင် ဖြူစင်နှလုံးသား လူမှုကူညီရေးအသင်း(နမ့်လန်)နှင့် စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းသည့် အခြေခံစားသောက်ကုန် ပစ္စည်း(၈)မျိုးကို ကိုဗစ်-၁၉ ကာလ အခက်အခဲရှိသော ရပ်ကွက် ၊ ကျေးရွာအတွင်းရှိ အိမ်ထောင်စုများအား စက်တင်ဘာလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့က ရပ်ကွက်၊ ကျေးရွာများအရောက် အဆိုပါအသင်းမှ သွားရောက်လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းပေးရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်၍ တစ်အိမ်ထောင်လျှင် ဆန်၊ ဆီ၊ ဆား၊ မြေပဲ၊ ကြက်သွန်နီ၊ ကြက်ဥ ၊ ခရမ်းချဉ်သီး ၊ ခေါက်ဆွဲခြောက်စသည့် အခြေခံစားသောက်ကုန်(၈)မျိုးကို ရပ်ကွက်၊ကျေးရွာများအလိုက် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
နမ့်လန်ကျေးရွာအုပ်စုအတွင်းရှိ ရပ်ကွက်၊ကျေးရွာများမှ အခက်အခဲရှိသော အိမ်ထောင်စု များအား လှူဒါန်းပေးရာတွင်စက်တင်ဘာလ ၁၀ ရက်နေ့တွင် အိမ်ထောင်စုပေါင်း(၅၄၃) စုနှင့် စက်တင်ဘာလ (၁၁)ရက်နေ့တွင် အိမ်ထောင်စုပေါင်း (၃၅၉)စု ၊ စုစုပေါင်းအိမ်ထောင်စု (၉၀၂)စု ခန့်ကိုလှူဒါန်း ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့်ယနေ့နံနက်ပိုင်းတွင်လည်း ကျန်ရှိနေသော ရပ်ကွက်၊ ကျေးရွာများရှိ အခက်အခဲရှိသော အိမ်ထောင်စုများအား ဆက်လက်လှူဒါန်း ပေးလျက်ရှိကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ခင်လေး(ပြန်/ဆက်)