စဉ့်ကိုင် စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ယနေ့ နံနက် (၁၀)နာရီက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး ဆွေးနွေးပွဲ Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက လူကုန်ကူးသူများတွင် အမျိုးသမီးနှင့် ကလေးငယ်များအပါအ၀င် လောဘကြီးသူအားလုံးကို မက်လုံးပေးပြီး စည်းရုံးသိမ်းသွင်းရောင်းချလေ့ရှိကြောင်း ရွှေ့ပြောင်းသွားလာ လုပ်ကိုင်လိုသူများအပေါ် အကျိုးအမြတ်ယူလိုသူများ၊ ခေါင်းပုံဖြတ် လိုသူများကြောင့် လူမှောင်ခို ၊လူကုန်ကူးမှုများဖြစ်ပေါ်လာရကြောင်း၊ လူကုန်ကူးမှုလျော့ နည်းပပျောက်သွားစေရန် ပြည်သူအားလုံးပူးပေါင်းပါ၀င်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းဥက္ကဌ စာရေးဆရာ ရှေ့နေ ဦးဝင်းကြည်က လူကုန်ကူးမှု ဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးဦးက အခြားသူ တစ်ဦး တစ်ယောက်ကို ထိုသူ၏ သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၊ခေါင်းပုံဖြတ်ခြင်း အလို့ငှာ လူများကို သိမ်းသွင်း စုဆောင်းခြင်း၊ သယ်ယူ ပို့ဆောင်ခြင်း လွှဲပြောင်းခြင်း ၊ ရောင်းချခြင်း ၊ ၀ယ်ယူခြင်း ၊ ငှားရမ်းခြင်း ၊ ငှားယူခြင်း ၊ ခိုလုံခွင့် ပေးခြင်း ၊ သို့မဟုတ် လက်ခံခြင်း ကိုဆိုလိုကြောင်း၊ တိုင်းပြည်အတွင်းလူကုန်ကူးမှုဖြစ်စဉ်များ ပိုမိုလျော့နည်း ပပျောက်ရေးအတွက် ၂၀၂၁-ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ၏ ရည်ရွယ်ချက်(၄)ရပ်ကိုလည်း လက်တွေ့ကျကျ အကောင်အထည် ဖော်သွားရန် လိုအပ်ကြောင်း အကျယ်တ၀င်း ဆွေးနွေးခဲ့ပြီး တရားလွှတ်တော် ရှေ့နေ ဦးတိုက်ကြည်က လူကုန်ကူးမှုနှင့် ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းကို အသီးသီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်မြို့နယ်ပြန်/ဆက်)