မြိတ် စက်တင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ အကျဉ်းထောင်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိရေး၊ အကျဉ်းသား များအား ရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေများအား ယနေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
“အကျဉ်းထောင်မှာ ကိုဗစ်-၁၉ ကာကွယ်ရေးနဲ့ပတ်သက်ပြီး အကျဉ်းသားများ ကူးစက်မှုမရှိစေဖို့ ဆောင် ရွက်ထားတာတွေကို ကြည့်ရှုတာဖြစ်ပါတယ်။ အကျဉ်းထောင်ထဲမဝင်ခင် ဆောင်ရွက်ထားရှိတာ၊ ရောဂါ ရှိမရှိ စစ်ဆေးတာ ကန့်သတ်စောင့်ကြည့်ရေးအဆောင်ထားတာနဲ့ စားသောက်နေထိုင်တာတွေမှာ လူစုလူဝေးမဖြစ်ဖို့ ဆောင်ရွက်ထားတာတွေကို လာကြည့်တာဖြစ်ပါတယ်”ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာမင်း က ပြောသည်။
ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် အကျဉ်းထောင်သို့ ရောက်ရှိလာသည့် အချုပ်သား/အကျဉ်းသားများ ကို စစ်ဆေးရေးဂိတ်တွင် ရောဂါပိုးရှိ/မရှိ Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ပြီး ရောဂါပိုးမရှိသူများကို ကန့်သတ် စောင့်ကြည့်ရေးအဆောင်များတွင် သတ်မှတ်ရက်အတိုင်း ထားရှိ၍ Test Kit ဖြင့် ထပ်မံစစ်ဆေးကြောင်း၊ အကျဉ်း ထောင်အတွင်းရှိ အကျဉ်းသားအားလုံးကို ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးပေးထားပြီးဖြစ်ကြောင်း၊ ထပ်မံ ရောက်ရှိလာသည့် အချုပ်သား/အကျဉ်းသားများကို ကန့်သတ်စောင့်ကြည့်ရေး အဆောင်များတွင် ထားရှိပြီး ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး တစ်ယောက်မှမရှိသေးပါဘူး။ ကာကွယ်ရေး လုပ်ငန်းကို စနစ်တကျဆောင်ရွက်ထားလို့ ထိန်းထားနိုင်ပါတယ်။ အကျဉ်းထောင်ရှိ အဆောင်တိုင်းကို တစ်နေ့(၃) ကြိမ်ဆေးဖျန်းပါတယ်။ အကျဉ်းထောင်မှာ လိုအပ်တဲ့ဆေးဝါးတွေ အကုန်ဖြည့်ထားပါတယ်။ ကျန်းမာရေးနဲ့ ပတ် သက်ပြီး ဆရာဝန်က နေ့ညမရွေး စစ်ဆေးကုသပေးလျက်ရှိပါတယ် ” ဟု မြိတ်အကျဉ်းထောင် တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမိုးရွှေ က ပြောသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိရေးအတွက် အကျဉ်းထောင်ရှိ အဆောင်များတွင် ကိုဗစ် ရောဂါကာကွယ် ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုရှိ/မရှိ၊ စားသောက်ဆောင်များတွင် လူစုလူဝေးမဖြစ်စေရေး ဆောင်ရွက်ထားရှိမှု၊ အကျဉ်းထောင်၌ ရောဂါကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အကျဉ်းသား များအား ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ်)