လှည်းကူး စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ကြက်ခြေနီအသင်းခွဲပိုင် မော်တော်ယာဉ် တစ်စီး အကြီးစားပြင်ဆင်မှုများ ပြုလုပ်နေစဥ်ကာလအတွင်း အသင်းတွင်ကျန်ရှိသည့် ယာဉ်များဖြင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
လှည်းကူးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ စေတနာ့လုပ်အားရှင်များက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီအဖွဲ့နှင့်ပူးပေါင်း၍ အရေးပေါ်လိုအပ်ချက်များနှင့် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို ကူညီလုပ်ဆောင် ပေးနေကြောင်း သိရသည်။
ထို့အပြင် မြို့နယ်အတွင်းမှ ဆက်သွယ်အကူအညီ တောင်းခံလာသည့် ဆေးရုံတက်ရောက် ကုသရန်လိုအပ်သည့် အရေးပေါ်လူနာများကို အသင်းပိုင်လူနာတင်ယာဉ်နှင့် တပ်ဖွဲ့ဝင်များက ရှေးဦးသူနာပြုစုနည်းများဖြင့် လူနာများပို့ဆောင်ပေးခြင်းအပြင် အမှန်တစ်ကယ် အောက်ဆီဂျင် အခက်အခဲရှိသည့်လူနာများကို အောက်ဆီဂျင်များ ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ လှည်းကူးမြို့နယ် ကြက်ခြေနီအသင်းခွဲက မြို့နယ်အတွင်း၌ အရေးပေါ်ကူညီ၊ ကယ်ဆယ်ရေးလုပ်ငန်းများလိုအပ်ပါက (ဖုန်း)၀၉-၄၄၄၅၉၂၀၅၉ နှင့် ၀၁၈-၆၂၉၆၆၂ တို့သို့ ၂၄ နာရီ ဆက်သွယ်အကူအညီတောင်းခံနိုင်ပြီး မော်တော်ယာဥ် အကြီးစားပြင်ဆင်မှုနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)