ချောက်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်

ချောက်  စက်တင်ဘာ  ၁၂

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လျင်လျင်မြန်မြန် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ယနေ့ နံနက်(၈)နာရီအချိန်က မြို့နယ်မီးသတ် ဦးစီးဌာနရုံး၌ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ကြသည်။

အဆိုပါဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်မှုတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား လေ့ကျင့်ဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်၊ မြို့နယ်ရဲမှူးစိုးစိုးနှင့် တာဝန်ရှိသူတို့က ကြည့်ရှု အားပေးခဲ့ကြသည်။

မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များသည် သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အမြဲတမ်းအသင့်ရှိနေပြီး မိတ်ဖက်အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို လျင်လျင်မြန်မြန် ထိရောက်စွာ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း ဇာတ်တိုက်လေ့ကျင့်နေမှုများ၊ ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများ ကိုင်တွယ်အသုံးပြုပုံများ ကြည့်ရှုအားပေးခြင်း၊ ယာဉ်/စက်မောင်းနှင်မှုနှင့် သင့်(၄)သင့် စစ်ဆေးခြင်းများဆောင်ရွက်ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကိုညီ(ချောက်)