တိုက်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ ကျေးရွာ များအတွင်း ဝင်ရောက်

 

တိုက်ကြီး   စက်တင်ဘာ  ၁၂

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် စက်တင်ဘာ လ ၉ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့တွင်  ဖလုံဘူတာကျေးရွာအုပ်စုရှိ မာဂရီတောင်ကျချောင်းရေများ ကျေးရွာများအတွင်း ​​ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ တောင်ကျချောင်းရေသည် မိုးများသည့်အချိန်တိုင်း ကျေးရွာများအတွင်းသို့ နှစ်စဉ်ရေဝင်ရောက်လေ့ရှိပြီး ကျေးရွာနေပြည် သူများသွားလာမှုအဆင်ပြေစေရေး၊ နေထိုင်စား သောက်ရေး အဆင်ပြေစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး ဦ:ဆောင်သော အဖွဲ့ဝင်များ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ မြို့နယ်အတွင်းရှိ  ပရဟိတလူမှုရေးအသင်းအဖွဲ့များက သွားရောက်ကြည့် ရှုစစ်ဆေးကာ လိုအပ်သည်များကို ပံ့ပိုးကူညီနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံမှ သိရသည်။

အလားတူ  တိုက်ကြီးမြို့နယ် ဖလုံကံကုန်းကျေးရွာအုပ်စုအတွင်းရှိ လူနေအိမ်များအတွင်း ချောင်းရေများဝင်ရောက်ခြင်း၊ စပါးခင်း များရေနစ်မြုပ်ခြင်း နှင့် မိုင်တိုင်အမှတ် ( ၆၀ / ၃)နှင့် ( ၆၀ / ၄)အကြား ရန်ကုန် - ပြည် ကားလမ်းမကြီးပေါ်တွင်လည်း ၃ လက်မခန့် ချောင်းရေ ကျော်ခြင်းတို့ ဖြစ်ပွားလျက်ရှိရာ အဆိုပါချောင်းရေ ဝင်ရောက်မှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်မှုတစ်စုံ တစ်ရာမရှိသေးကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)