မြင်းခြံ စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က မြင်းခြံပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင် ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်မြတ်မြတ်မိုးမှ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနား ပြုလုပ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သက်ကြီးကြက်ခြေနီတပ်ဖွဲ့ဝင်များအား လှူဖွယ်ပစ္စည်းများနှင့် ဂါရဝပြုကန်တော ့ခဲ့ကြသည်။
ဆက်လက်၍ မြင်းခြံခရိုင်/မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့သို့ လှူဒါန်းပေးလျက်ရှိသည့် အလှူရှင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များအား မြင်းခြံပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ဝင်းစည်သူ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့ ဥက္ကဋ္ဌ ဦးတင့်လွင်တို့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြသည်။
မြင်းခြံခရိုင်/မြို့နယ် ကြက်ခြေနီတပ်ဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည့် နေရာတွင်လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများထားရှိရာ GTC Centre တွင် လည်းကောင်း စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်