တောင်တွင်းကြီး စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ပူးပေါင်းအဖွဲ့က ရွေ့လျားယာဉ်ဖြင့် အခမဲ့ ကိုဗစ်-၁၉ရောဂါ စစ်ဆေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံကျေးလက်နေ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရေး RDT(Test Kits)ဖြင့် ရောဂါရှာဖွေစစ်ဆေးခြင်းများ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရွေ့လျားစစ်ဆေးယာဉ်ဖြင့် ကိုဗစ်-၁၉ရောဂါ ရှာဖွေစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးရာသို့ ကျေးရွာများရှိအနံ့မရှိသူနှင့် ဖျားနာနေသူ (၃၉၃)ဦး လာရောက်စစ်ဆေးမှု ခံယူခဲ့ရာ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရောဂါပိုး ရှိ/မရှိ RDT(Test Kits)ဖြင့် ရှာဖွေစစ်ဆေးခဲ့ရာ(၃၅)ဦး ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်(၃၅၈)ဦးမှာ ရောဂါပိုးမတွေ့ရှိရကြောင်း သိရပြီး ပိုးတွေ့လူနာ(၃၅)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးဝါး ကုသမူခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ကျေးရွာနေပြည်သူများအား ရွေ့လျားယာဉ်ဖြင့် ရောဂါရှာဖွေစစ်ဆေး ဆောင်ရွက်ပေးနေမှုအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ အန္တရာယ်အား ထိရောက်စွာ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှာဖွေစစ်ဆေးပေးခြင်း လုပ်ငန်းကို ကျန်ရှိသည့် ကျေးရွာများကိုလည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ကျန်းမာရေး စစ်ဆေးလိုသော ပြည်သူများအနေဖြင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ လာရောက် စစ်ဆေးမှု ခံယူနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)