မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်လာစေရေး Mobile အသိပညာပေး ကွင်းဆင်းဆောင်ရွက်

မအီ စက်တင်ဘာ ၁၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်လာစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေး သတ်မှတ်ကာလအတွင်း ပြည်သူများ မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြရန်၊ အိမ်ပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ကြစေရန် မအီမြို့၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပူးပေါင်းအဖွဲ့သည် ယနေ့  မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာ လမ်းဆုံ၊ လမ်းမများတွင် Mobile အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို မအီမြို့တွင် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် လှုပ်ရှားဆောင်ရွက်လျက်ရှိကြရာ ယမန်နေ့ မွန်းလွဲပိုင်းတွင် မအီမြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ  ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေး သတ်မှတ်ကာလအတွင်း အိမ်ပြင်ထွက်လာသူများအား မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြဖို့၊ အိမ်ပြင်ထွက်တိုင်း Mask တပ်ဆင်ပေးကြဖို့ ပြည်သူများသို့ Mobile အသိပညာပေး ကွင်းဆင်းခဲ့ကြသည်။     

မအီမြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် ဤသို့ ရောဂါပြန့်ပွားမှုထိန်းချုပ်ရေး သတ်မှတ်ကာလတွင် အိမ်အပြင်ထွက် သွားလာသူများ ပါးစပ်နှာခေါင်းစည်း(Mask) တပ်ဆင်၍ သွားလာခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် Mobile  ကွင်းဆင်း အသိပညာပေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ရာ ခေါင်းစည်း( Mask) တပ်ဆင်သွားလာရန် ပျက်ကွက်သူ(၂)ဦးကို မအီနယ်မြေရဲစခန်း၌ ခံဝန်လက်မှတ်ရေးထိုး စေခဲ့ကြောင်းနှင့် ကော်မတီအဖွဲ့ဝင်များသို့ တာဝန်ခွဲဝေ၍ နေ့စဉ်နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော် အသိပညာပေး လျက်ရှိကြောင်း သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)