ထန်းတပင် စက်တင်ဘာလ ၁၁
ကျန်းမာရေးကိစ္စရပ်များတွင် သုံးစွဲသွားနိုင်ရန်အတွက် အသက်(၈၀)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းဖြစ်သူများအား အလှူငွေများ လှူဒါန်းပေးခြင်းကို ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ တော်လတဲ့ကျေးရွာတွင် ကျေးရွာသက်ကြီးဘိုးဘွားများကူညီစောင့်ရှောက်ရေးအဖွဲ့မှ အဖွဲ့ဝင်များက အိမ်တိုင်ရာရောက်လိုက်လံလှူဒါန်းပေး လျက်ရှိကြောင်းသိရပြီး အသက် (၈၀)နှစ်အထက် သက်ကြီးဘိုးဘွားများကိုမူ တစ်ဦးလျှင် အလှူငွေကျပ်နှစ်သောင်း လစဉ်ပုံမှန် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း လည်းသိရသည်။
ကျေးရွာအတွင်းမှာရှိတဲ့ အသက်(၈၀)နှစ်အထက်သက်ကြီးဘိုးဘွားတွေကို အလှူငွေ လစဉ် တစ်ဦးကိုငွေကျပ်နှစ်သောင်းစီလှူဒါန်းပေးသွားမှာပါ၊ နောက်ပိုင်း အလှူငွေလှူဒါန်းမှုက အခုလှူဒါန်း တာထက်ကိုပိုရင်လည်းပိုသွားနိုင်တယ်ပေါ့ နာမကျန်းဖြစ်တဲ့သူတွေကိုကျတော့ ရောဂါဖြစ်တဲ့ ကာလအပေါ်မှာမူတည်ပြီးတော့ လှူဒါန်းပေးသွားမှာပါ၊ နောက်ပြီး ကျေးရွာအတွင်းမှာ ကိုဗစ်-၁၉ရောဂါကြောင့် အနံပျောက်တာတို့ ဆေးရုံတက်နေတဲ့သူတွေရှိရင်လည်း တစ်ဦးကို အလှူငွေကျပ် သုံးသောင်းနှုန်းစီလှူဒါန်းပေးသွားနိုင်ဖို့အတွက်ကို အခုထဲ့ကစီစဉ်ဆောင်ရွက်နေ ပါတယ်ဟု သက်ကြီးဘိုးဘွားများ ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးအောင်ကျော်မိုးကပြောသည်။
အလှူငွေများလှူဒါန်းရာတွင် စက်တင်ဘာလ(၈)ရက်နေ့က တော်လတဲ့ကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၀)နှစ်အထက် သံဃာတော်(၂)ပါး၊ အဘိုးအဘွား(၁၉)ဦး၊ နာမကျန်းဖြစ်သူ(၁)ဦးနှင့် စက်တင် ဘာလ(၉)ရက်နေ့တွင် နာမကျန်းဖြစ်သူ(၇)ဦး စုစုပေါင်း(၂၉)ဦးတို့ကို တစ်ဦးလျှင် အလှူငွေကျပ်(၂)သောင်းစီကို တော်လတဲ့ကျေးရွာသက်ကြီးဘိုးဘွားများ ကူညီစောင့်ရှောက်ရေး အဖွဲ့မှ အဖွဲ့ဝင်များက လိုက်လံလှူဒါန်းပေးအပ်ခဲ့ကြကြောင်းလည်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)