လာအိုနိုင်ငံမှ နေရပ်ပြန်ပြည်သူ(၂၀၀)ဦး တာချီလိတ်မြို့ ရှိ ဝမ်ပုံဆိပ်ကမ်းမှ တဆင့် ဆက်လက်ဝင်ရောက်

 

 

တာချီလိတ် စက်တင်ဘာ ၁၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု ၊ ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံမှ လွဲပြောင်းလာသည့် နေရပ်ပြန်ပြည်သူ အမျိုးသား(၁၁၉)ဦး၊အမျိုးသမီး (၈၁)ဦး၊စုစုပေါင်း (၂၀၀)ဉီးကို ယနေ့ နေ့လယ်က မြန်မာဘက်မှ တာဝန်ရှိသူများက စိစစ်လက်ခံခဲ့ကြသည်။

 

ထိုသို့ စိစစ်လက်ခံရာတွင် တာချီလိတ်မြို့၊ ပြည်ပ ရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများစိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင် နှင့် ကော်မတီ အဖွဲ့ဝင်များ၊  မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဝင်များက ကြိုဆို လက်ခံခဲ့ကြ ပြီး  ၎င်းနေရပ်ပြန်​ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီက ကျန်မာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ RDT Rapid Test Kit စနစ်ဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ဆေးချက် အဖြေအရ  ရောဂါပိုး တွေ့ရှိသူ  အမျိုးသား (၂ )ဦး၊ အမျိုးသမီး(၃)ဦး စုစုပေါင်း(၅)ဦး ရှိကြောင်း နှင့် ၄င်းတို့ကို ကုသရေးစင်တာသို့ ချက်ခြင်းပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ရောဂါ ပိုး မတွေ့ရှိသည့် နေရပ်ပြန်  ပြည်သူ(၁၉၅)ဦးကို ဝမ်လုံး အသွားအလာ ကန့်သတ် စောင့်ကြည့်ရေး စင်တာတွင်ခေတ္တ ထားရှိပြီး တတိယမြောက်နေ့တွင် ဒုတိယအကြိမ်ထပ်မံစစ်ဆေး၍ ပိုးကင်းစင်မှသာ သက်ဆိုင်ရာ  နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်​ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

 

လာအိုနိုင်ငံမှ ရွေ့ပြောင်းမြန်မာအလုပ်သမားများကို ဇူလိုင်လ ၃၀ ရက်နေ့မှစတင်လက်ခံခဲ့ကြရာ ယနေ့အချိန်ထိ (၁၀)ကြိမ်မြောက်ရှိပြီး စုစုပေါင်း(၂၈၇၁)ဦး ရှိ​ပြီးဖြစ်ကြောင်းနှင့် ၎င်းတို့အား သက်ဆိုင်ရာ နေရပ်ဒေသ အသီးသီးသို့ ရောက်ရှိနိုင်ရေးအတွက် တာချီလိတ်မြို့ရှိ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးပြီး မော်တော်ယာဉ်များကို အခမဲ့ စီစဉ်ပေးကာ သက်ဆိုင်ရာနေရပ်များသို့ ပြန်လည်ပို့ဆောင်​ပေးနိုင်ခဲ့ ကြောင်း သိရှိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)