ပလောက်မြို့တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

ပလောက်  စက်တင်ဘာ  ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ နန်းသီလာကျေးရွာအုပ်စုအတွက်  သံဃာတော်များ၊ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတစေတနာ့ ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေးခြင်းကို  ယမန်နေ့ နံနက်(၈)နာရီ အချိန်က ပလောက်မြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေသီလာရတနာ ခန်းမ၌ ကာကွယ် ဆေးထိုးနှံ ပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို  ပလောက်တပ်နယ်မှ ကျန်းမာရေးဝန်ထမ်းများက ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်သည်။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးသည့်နေရာသို့ မြို့ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက  သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူများကို QR Code ပါသည့် ကာကွယ်ဆေး(၂)ကြိမ် ထိုးပြီးကြောင်း မှတ်တမ်းစာရွက်များကို ထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါ မှတ်တမ်းစာရွက်သည် ခရီးသွားလာ သည့်အခါ ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်အနေဖြင့် သွားလာရ မည်ဖြစ်သည့်အတွက် ဆေးထိုးပြီးသူများ ရယူကြရန်နှင့် ပျက်စီးမှုမရှိအောင် စနစ်တကျ သိမ်းဆည်း ကြရန် လိုအပ်ကြောင်း မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

နှင်းမြူလွင်( ပလောက်)