ဆားလင်းကြီးမြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ

ဆားလင်းကြီး   စက်တင်ဘာ  ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ OSS ခန်းမနှင့် ဆားလင်းကြီး(အ.ထ.က)ရှိ ပန်းမြတ်သဇင်ခန်းမ၌ ယနေ့ နံနက် ၈နာရီအချိန်က စတင်၍ ရပ်ကွက်နှင့်ကျေးရွာများမှ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခဲ့သော အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးစား ပေးအုပ်စုအလိုက် သတ်မှတ်ထားရှိသူများအား မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရသည်။

ထိုသို့ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း နှင့်ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် ဦးစားပေးအုပ်စုများဖြစ်သည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ရဟန်သံဃာတော်များ နှင့်သီလရှင်များ၊  နိုင်ငံဝန်ထမ်းများ၊  ပုဂ္ဂလိကစက်ရုံအလုပ်ရုံဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများ၊ Super Marketနှင့် စျေးများမှ ပြည်သူများအား မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့သည်။

ဆားလင်းကြီးမြို့နယ်အတွင်း ဩဂုတ်လအတွင်းက ပထမအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခဲ့သော ဦးစားပေးအုပ်စုအလိုက် သတ်မှတ်ထားရှိသူများအနက် ပထမနေ့တွင် လူဦးရေ(၆၇၀)ဦး၊ ဒုတိယနေ့တွင် (၅၆၀)ဦး၊ တတိယနေ့တွင်(၁၀၀၇)ဦး၊ စတုတ္ထနေ့တွင်(၂၃၀)ဦး၊ ပဉ္စမနေ့တွင်(၉၅)ဦး၊ ဆဌမနေ့တွင်(၃၅)ဦး စုစုပေါင်း(၂၅၉၇)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းကို နှင့်အဖွဲ့ဝင်များကနေ့စဉ်ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်  စေတနာ့ဝန်ထမ်း Volunteerများက ဝိုင်းဝန်းကူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဥမ္မာခိုင်