မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအား (Sinopharm) ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

မြောက်ဦး စက်တင်ဘာ  ၁၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ယာယီဖွင့်လှစ်ထားသော တိုက်ပွဲ ရှောင်စခန်းများတွင် ခိုလှုံရန်ရောက်ရှိနေကြသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး (Sinopharm) ဆေး ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီက သတ်မှတ်စု ရပ်(၂)နေရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ကာကွယ်ဆေးများအား  ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ (Sinopharm)ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးရာတွင် တိုက်ပွဲရှောင်စခန်းရှိ အသက် (၁၈)နှစ်အထက်ပြည်သူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးဝန်ထမ်းများနှင့် တိုက်ပွဲရှောင်စခန်းမှ စခန်းတာဝန်ခံများပူးပေါင်း၍ (Sinopharm) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။ ထိုသို့ မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်များဖြစ်သော ကျောက်ရာဇ်ကေ ဘုန်းတော်ကြီးကျောင်း တိုက်ပွဲရှောင်စခန်း၊ မြို့ဦးဂေါင်း တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအား (Sinopharm) ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်း၊ သွေးတိုးရောဂါနှင့် ဇီးချိုရောဂါ ရှိ/မရှိ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ ပုံမှန်အနေအထား ရောက်ရှိမှသာ ကာကွယ်ဆေး များဆက်လက် ထိုးနှံပေးခြင်းဖြစ်ရာ ကာကွယ်ဆေးဆက်လက် ထိုးနှံပြီးသူများ မိနစ်(၃၀)ခန့် အနားယူစောင့်ကြည့်ပြီးမှ ကိုဗစ်-၁၉ ရောဂါဆိုင်ရာကျန်းမာရေး အသိပညာပေး ဟောပြော ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းအထိ မြောက်ဦးမြို့ ပေါ်ရပ်ကွက်များရှိ တိုက်ပွဲ ရှောင်စခန်း(၂)ခုမှ အသက်(၁၈)နှစ်အထက် (၂၁၀)ဦး ပြည်သူများအား (Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)