စေတနာရှင်အလှူရှင်များမှ စုပေါင်းလှူဒါန်းသော အောက်ဆီဂျင်စက် ရသေ့တောင်မြို့သို့ ရောက်ရှိ

 

 

ရသေ့တောင်    စက်တင်ဘာ     ၁၁

 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါခံစားနေရသူများနှင့် အခြားလူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက်များအား တစ်ထောင့်တစ်နေရာမှ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ စေတနာရှင် အလှူရှင်ပြည်သူများမှ စုပေါင်းလှူဒါန်းသော အောက်ဆီဂျင်စက်မှာ ရသေ့တောင်မြို့သို့ ယမန်နေ့ညနေပိုင်းက ရောက်ရှိကြောင်းသိရသည်။

 

ထိုသို့ အောက်ဆီဂျင်စက်ရောက်ရှိတပ်ဆင်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်၊ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးကြပြီး စက်ရုံ အမြန်ဆုံးလည်ပတ်နိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

ယခုရောက်ရှိလာသည့် အောက်ဆီဂျင်စက်မှာ တရုတ်နိုင်ငံ  Puyang Ruide  Pressure Vessel Co,Ltd မှ မှာယူတင်သွင်းခဲ့သည့် ကာလတန်ဖိုးအမေရိကန်ဒေါ်လာ(၄၉၅၀၀)တန်ဖိုးရှိပြီး ဦးဦးသန်းနိုင်(Than Naing&Family Construction ကုမ္ပဏီ)မိသားစုက ငွေကျပ်သိန်း ၁၀၀ မတည်ပြီး ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ အောက်ဆီဂျင်စက်အားတပ်ဆင်ပြီးစီး၍ လုပ်ငန်းများစတင်လည်ပတ်နိုင်ပါက တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာဆံ့အိုး ၇၆ လုံးထိ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး ပြည်သူများအတွက် အောက်ဆီဂျင် လိုအပ်ချက်များအား အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရန် မကြာမီရက်ပိုင်းအတွင်း စတင်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အောက်ဆီဂျင်ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဦးဦးသန်းနိုင်ထံမှ သိရသည်။

 

အောင်စံထွန်း (ပြန်/ဆက်)