ဝန်းသို စက်တင်ဘာ ၁၁
နိုင်ငံတော်အစိုးရ၏ ချည်မျှင်ရှည်ဝါကုန်ကြမ်းလိုအပ်ချက်ကို တစ်စိတ်တစ်ဒေသ အထောက်အပံ့ ဖြစ်စေရန်၊ တောင်သူများဆောင်းသီးနှံအစားထိုး ဝါသီးနှံစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိစေရန်နှင့် ဝါသီးနှံ စိုက်ပျိုးနည်းစနစ်ကို ကျွမ်းကျင်မှုရှိလာစေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်း ခရိုင်၊ ဝန်းသိုမြို့နယ်တွင် ဆောင်းသီးနှံအစားထိုး မိုးနှောင်းချည်မျှင်ရှည်ဝါသီးနှံ ၂၅ဧကကို စမ်းသပ် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
“ယခု ၂၀၂၀-၂၀၂၁ ခုနှစ် စိုက်ပျိုးရာသီမှာ မိုးနှောင်းချည်မျှင်ရှည်ဝါသီးနှံ ၂၅ ဧက စမ်းသပ် စိုက်ပျိုးဖို့ တောင်သူ ၁၀ ဦးနဲ့ ပူးပေါင်းဆောင်ရွက်ထားပါတယ်၊ ကျွန်တော်တို့မြို့နယ်မှာ နှစ်စဉ်ဆောင်းရာ သီ နှမ်းသီးနှံ ဧက ၉၀၀၀ ကျော်လောက်စိုက်ပျိုးပါတယ်၊ အခုစမ်းသပ်စိုက်ပျိုးပြီး ရာသီဥတုနဲ့ကိုက်ညီလို့ အဆင်ပြေ တယ်ဆိုရင် အဲ့ဒီဆောင်းနှမ်းသီးနှံနေရာမှာ အစားထိုးပြီးတော့ ဝါသီးနှံကိုတောင်သူတွေအနေနဲ့ စိုက်ပျိုးနိုင်မှာဖြစ်ပါတယ်၊ စမ်းသပ်စိုက်ပျိုးအောင်မြင်လို့ထွက်တဲ့ဝါတွေကိုလည်း ကျွန်တော်တို့ဦးစီးဌာန က ဦးဆောင်ပြီးရောင်းချပေးဖို့ရာ တောင်သူများနဲ့ညှိနှိုင်းထားပါတယ်၊ အခုသီးနှံစိုက်ပျိုးမယ့်တောင်သူ များကို ဝါသီးနှံစိုက်ပျိုးနည်းသင်တန်း ပေးထားပြီးသည့်အပြင် ဓာတ်မြေဩဇာ၊ မျိုးစေ့၊ လူးနယ်ဆေးအစုံ ထောက်ပံ့ပေး ထားပြီးတော့ စိုက်ပျိုးရာတွင်လည်း ကျွန်တော်တို့ဌာနက လက်တွေ့ကွင်းဆင်းစိုက်ပျိုးပြသ ပေးသွားမှာ ဖြစ်ပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေက ပြောသည်။
မိုးနှောင်းချည်မျှင်ရှည်ဝါသီးနှံသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကိုခံနိုင်ရည်ရှိပြီး ဒေသမရွေး စိုက်ပျိုး ဖြစ်ထွန်းနိုင်သည့်အတွက် ဆောင်းနှမ်းနေရာတွင် အစားထိုးစိုက်ပျိုးခြင်းအားဖြင့် တောင်သူ ဦးကြီးများ ဝင်ငွေပိုတိုးစေနိုင်ကြောင်း သိရသည်။
ကျော်မြိုင်