ညောင်ရွှေ စက်တင်ဘာ ၁၁
ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အင်းလေးကန်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းနှင့် ငါးမွေး တောင်သူများအား ဇာပြာလှောင်အိမ်ပေးအပ်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက ညောင်ရွှေမြို့နယ်၊ နန်းသဲကျေးရွာ၊ နန်းကပ်ချောင်းနံဘေးရှိ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးလွှမ်းမိုးဇော်၊ ပြည်နယ်ငါးလုပ်ငန်းဦး စီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်သီဟထွေး၊ ညောင်ရွှေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများမှ အင်းလေးကန်အတွင်းသို့ရေ စီးဝင်သည့် နန်းကပ်ချောင်းအတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြသည်။
ထို့နောက် ငါးမွေးတောင်သူများအတွက် ငါးမွေးမြူရေးလုပ်ငန်းသုံး ဇာပြာလှောင်အိမ်များ ပေးအပ်ပွဲကို ဆက်လက်ပြုလုပ်ရာ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ဇာပြာလှောင်အိမ်များကိုပေးအပ်ရာ ဒေသခံငါးမွေးတောင်သူများမှ အသီးသီးလက်ခံရယူခဲ့ပြီး ဧည့်သည်တော်များနှင့် ဒေသခံငါးမွေးတောင်သူများ စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အခမ်းအနားပြီးတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့်အဖွဲ့သည့် အင်းလေးကန်အတွင်း သွားရောက်၍ အင်းရေပြင်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြသည်။ အဆိုပါ ငါးမျိုးစိုက်ထည့် မှုတွင် ငါးဖိန်းသားပေါက်ကောင်ရေ (၁၀၀၀၀၀)ကောင်၊ ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၅၀၀၀၀) ကောင်၊ ငါးခုံးမကြီးသားပေါက်ကောင်ရေ (၅၀၀၀၀)ကောင် စုစုပေါင်းငါးသားပေါက်ကောင်ရေ (၂၀၀၀၀၀)အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ