တိုက်ကြီး စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် (ဒုတိယအကြိမ်) ကာကွယ်ဆေးများကို ဉီးစားပေး ဉီးတည်အုပ်စု အလိုက် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် (၉)နာရီအချိန်ခန့်က တိုက်ကြီး မြို့နယ် အ.ထ.က(မြို့မ)ကျောင်း၌ စုရပ် (၂)နေရာ၊ ဥက္ကံမြို့ ရွှေကံသာခန်းမ ၊ အဖျောက်မြို့ ငွေဥဒေါင်းခန်းမ၊ ဖလုံ ကံကုန်း အ.ထ.က ကျောင်း၊ ဖိုးခေါင် ဓမ္မာရုံ နှင့် တော်လတီ အ.ထ.က ကျောင်း စသည့် စုရပ် (၇) နေရာတို့တွင် လာရောက်ထိုးနှံသူ စုစုပေါင်း (၆၇၅)ဉီးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်စိုး နှင့် အဖွဲ့ဝင် များက လာရောက်ကြည့်ရှု၍ အားပေးစကားပြောကြားပေးပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန မှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးလာရောက်ထိုးနှံသူ များအား ကာကွယ်ဆေးမထိုးမီအချိန်၊ ကာကွယ်ဆေးထိုးနေချိန် နှင့် ထိုးပြီးချိန်တို့တွင် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်ခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ ပါသည်။ထို့နောက် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများအား QR Code ပါဝင်သည့် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံပြီးကြောင်း မှတ်တမ်းစာရွက်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ သည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် တိုက်ကြီးမြို့နယ် ၌ (ဒုတိယအကြိမ် )ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဩဂုတ် ၃၀ ရက်နေ့မှ စတင် ဆောင်ရွက်ပေးလျက်ရှိပြီး အသက် (၆၅) နှစ်ပြည့်ပြီးသူများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ Volunteer / ပရဟိတ ဆောင်ရွက်ပေးနေသူများ၊ ဘုန်းကြီးကျောင်း/သီလရှင်ကျောင်း/ဘာသာရေးကျောင်းများ ၊ နိုင်ငံ့ဝန်ထမ်းများ ၊ လက်ရှိ ပုဂ္ဂလိက ဘဏ်များတွင် တာဝန်ထမ်းဆောင်နေသူများ၊ ပုဂ္ဂလိက စက်ရုံ / အလုပ်ရုံမှ ဝန်ထမ်းများ၊ တည်းခိုခန်းများတွင် တာဝန်ထမ်းဆောင်နေသူများ ၊ ပို့ဆောင်ရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသူများနှင့် ဈေးကြီးများတွင် ဈေးဆိုင်ခန်းဖြင့် ရောင်းချနေသူများအား ဉီးစားပေးဉီးတည်အုပ်စုအလိုက် ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)