မိုင်းယု စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် နယ်စပ်ဒေသ မိုင်းယုမြို့တွင် ဒေသခံရှမ်းရိုးရာဓလေ့ ဝေဿန္တရာ ဇာတ်တော်(တန်းဌာန်း)ပွဲတော်ကို တော်သလင်းလဆန်းပိုင်း တစ်ရက်နေ့မှစ၍ လပြည့်ကျော်နေ့အထိ သတ်မှတ်ရက်များအလိုက် ရပ်ကွက်/ကျေးရွာများတွင် အလှည့်ကျဖြင့် ဘုန်းကြီးကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်လျက်ရှိ သည်။
အဆိုပါ ရိုးရာပွဲကို မိုင်းယုမြို့ဒေသတွင်းရှိ ဒေသခံရှမ်းတိုင်းရင်းသားတို့သည် တစ်နှစ်တာအတွင်း သေဆုံးသူ မိဘဘိုးဘွားများအား ရည်မှန်း၍ နောင်ဘဝတွင် ပြည့်စုံကောင်းမွန်စွာ နေထိုင်နိုင်ရေး အတွက် ဝေဿန္တရာဇာတ်တော်ခင်းပွဲ(တန်းဌာန်း)ပွဲတော်ကို နှစ်စဉ် တော်သလင်း ဆန်းပိုင်းတစ်ရက်နေ့မှစ၍ လပြည့်ကျော်နေ့အထိသာ ရပ်ကွက်/ကျေးရွာများတွင် အလှည့်ကျဖြင့် ကျင်းပလေ့ရှိကြောင်း သိရသည်။
ယင်းပွဲတော်ကို ယခင်နှစ်က အလှူပြုသူ(သေဆုံးသူမိသားစုဝင်)များမှ အိမ်တွင်လည်းကောင်း၊ ဘုန်းကြီးကျောင်းတွင်လည်းကောင်း စုပေါင်း၍ အကျွေးအမွေးဖြင့် ဧည့်ခံလှူဒါန်းခြင်း၊ ဘုန်းတော်ကြီး ကျောင်း၌ ဝေဿန္တရာပါဠိတရားတော်များကို ပွဲတော်ပြီးမြှောက်သည်အထိ ရွတ်ဖတ်ပူဇော်ခြင်း၊ ဘုရားကျောင်းပုံစံအိမ်ငယ်များ၊ ဓမ္မရုံပုံစံငယ်များ၊ ဇရပ်ပုံစံငယ်များ၊ အိမ်အသုံး အဆောင်ပစ္စည်း အမျိုးမျိုး၊ ရှမ်းရိုးရာဝတ်စုံ အမျိုးမျိုးတို့ဖြင့် ပြုလုပ်ဆက်ကပ်လှူဒါန်းခြင်း၊ တရားနားကြားသူများမှ လှူဖွယ်ဝတ္ထု အစုစုတို့အတွက် ပုံးငယ်အတွင်း ထည့်ကာ သံဃာတော်အား ဆက်ကပ်လှူဒါန်းပေးခြင်း၊ တရားဘာဝနာ အားထုတ်ခြင်းတို့ဖြင့် ကုသိုလ်ပြုကြကာ အထူးစည်ကားခဲ့ရသော်လည်း ယခုကာလတွင် ကိုဗစ်-၁၉ ရောဂါကာလဖြစ်နေ၍ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီပွဲတော်ဖြစ်မြောက် စေရန်အတွက် လူအနည်းငယ်ဖြင့်သာ ကျင်းပပြုလုပ်ခဲ့ရကြောင်း ဒေသခံပြည်သူတစ်ဉီးထံမှ သိရသည်။
ကိုကိုနိုင် (မိုင်းယု)