မော်လိုက်မြို့၌ စေတနာရှင် ပြည်သူများ၏ စုပေါင်းလှူဒါန်းသည့် အောက်ဆီဂျင် ထုတ်လုပ်သည့် စက်နှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိ

မော်လိုက် စက်တင်ဘာ ၁၁

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါကုသရေးလုပ်ငန်းများနှင့် အခြားသော ကျန်းမာရေး စောင့်ရှောက်ပေးမှုများတွင် အသုံးပြုနိုင်ရန် ဆုံနေကြကုမ္ပဏီမှ မတည်၍ စေတနာရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းသည့် အောက်ဆီဂျင်ထုတ်လုပ်သည့်စက်နှင့် ဆက်ပစ္စည်းများ ယမန်နေ့ နံနက်ပိုင်း က မော်လိုက်မြို့သို့ ရောက်ရှိခဲ့သည်။

 

အဆိုပါ အောက်ဆီဂျင်ထုတ်လုပ်သည့်စက်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် အမျိုး အစားဖြစ်ပြီး တန်ဖိုးငွေကျပ် သိန်းပေါင်း(၁၀၄၅)သိန်း ကုန်ကျခဲ့ကြောင်း၊ အောက်ဆီဂျင် ထုတ်လုပ် ပေးနိုင်သည့် ပမာဏအနေဖြင့် တစ်ရက်လျှင်(၄၀)လီတာဆံ့ အောက်ဆီဂျင်အိုး(၁၃၀)လုံးကို ထုတ်လုပ် ပေးနိုင်မှာဖြစ်ကြောင်း၊ အလျား(၃၉)ပေ၊ အနံ(၂၆)ပေရှိ Steel Structure အမျိုးအစားဖြစ်သော အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ရုံကိုလည်း မြို့မ(၂)ရပ်ကွက်၊ အောင်သာယာရပ် အဝင်တွင် တည်ဆောက်လျက်ရှိရာ ပြီးစီးပါက မြို့နယ်အတွက်လိုအပ်သည့် အောက်ဆီဂျင်များကို ထုတ်လုပ် ပေးနိုင်တော့မည်ဖြစ်ကြောင်း၊ အောက်ဆီဂျင် ထုတ်လုပ်သည့်စက် လည်ပတ်နိုင်ရေးအတွက် (၁၀၀) ကေဗွီအေရှိ ထရန်စဖော်မာတစ်လုံးကိုလည်း မှာယူထားရှိပြီး မကြာမီ ရက်ပိုင်းတွင် ရောက်ရှိတော့ မည်ဖြစ်ကြောင်း၊ အောက်စီဂျင်များ အမြန်ဆုံးထုတ်လုပ် နိုင်ရန်အတွက် အောက်ဆီဂျင်ထုတ်လုပ် သည့်စက်ရုံအား အမြန်ပြီးစီးရေးကိုလည်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

မော်လိုက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းဖြစ်ပွားစဉ် ရောဂါဖြစ်ပွားသူများ အတွက် ကုသပေးရာ၌ အောက်ဆီဂျင် မလုံလောက်ခြင်းများ ဖြစ်ပွားပေါ်ပေါက်ခဲ့ရသည့်အတွက် အခြားသော မြို့နယ်များမှ မှာယူအသုံးပြုရခြင်းဖြင့် အခက်အခဲများစွာကြုံတွေ့ခဲ့ရသဖြင့် အဆိုပါ အောက်စီဂျင် မလုံလောက်ခြင်းနှင့် ပြတ်လပ်မှုများ ထပ်မံမဖြစ်ပေါ်စေရန် ဆုံနေကြကုမ္ပဏီမှ ကျပ်သိန်း(၁၀၀)မတည်ကာ သံဃာတော်များ၊ မြို့ပေါ်/ကျေးရွာများမှ စေတနာရှင် ပြည်သူများ၊ ရပ်ဝေးရပ်နီးမှ အလှူရှင်များ၏ စုပေါင်း လှူဒါန်းမှုဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း မော်လိုက်မြို့ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးတွင် ဦးဆောင် ဆောင်ရွက်နေသူတစ်ဦး ထံမှ သိရသည်။

 

မော်လိုက်ခရိုင်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုအနေဖြင့် စက်တင်ဘာလ ၉ ရက်နေ့အထိ ပိုးတွေ့ရှိသူပေါင်း (၁၁၁၆)ဦး၊ ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၁၀၁၆)ဦး၊ ကျန်းမာရေး စောင့်ရှောက်မှုခံယူနေသူ (၅၇)ဦးနှင့် သေဆုံးသူ (၄၃)ဦး ရှိကြောင်း သိရသည်။

 

မော်လိုက်သားလေး