ကရင်ပြည်နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဘားအံ စက်တင်ဘာ ၁၁
 
ကရင်ပြည်နယ်၏ အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပသည်။
 
အစည်းအဝေးတွင် ကရင်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အားကစားကဏ္ဍတိုးတက်မြင့်မား လာစေရေး ယခင် အစဉ်အလာ ရှိခဲ့သည့် အားကစားနည်းများ အပြင် အားကစားနည်း မျိုးစုံကို ဖွံ့ဖြိုး တိုးတက် အောင်ဆောင်ရွက်ရန်မှာ အရေးကြီး လိုအပ်ပါကြောင်း၊ အားကစားသမား ကောင်းများ မွေးထုတ်ပေးနိုင်ရန်၊ လူတိုင်း ကိုယ်လက်လှုပ်ရှားအားကစားကို ဆောင်ရွက်နိုင်ကြစေရန်နှင့် အဆင့်မီ အားကစားကွင်းများပေါ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ကိုဗစ်အလွန်ကာလတွင် အားကစားပြိုင်ပွဲများကို အဆင့်မီမီ အဆင့်အတန်းရှိရှိဖြင့် ပြိုင်ပွဲများကျင်းပယှဉ်ပြိုင်သွားနိုင်ရန် လိုလားပါကြောင်း၊ အားကစားကဏ္ဍကို မြှင့်တင်လိုသည့်ရည်ရွယ်ချက် အောင်မြင်အောင်ဆောင်ရွက်လိုသည့် စိတ်များဖြင့် အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ပေး ကြစေလိုကြောင်း၊ အားကစားနည်း အလိုက် ဆပ်ကော်မတီ များကို မှန်မှန်ကန်ကန်ဖွဲ့စည်း ဆောင်ရွက်ကြဖို့လိုကြောင်း၊ စီမံချက်များ ရေးဆွဲ၍ လေ့ကျင့်မှုများဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လေ့ကျင့်မှုမရှိသည့် ယှဉ်ပြိင်မှုသည် မည်သို့မျှအောင်မြင်နိုင်မည်မဟုတ်ကြောင်း၊ လိုအပ်သည် အုပ်ချုပ် ထောက်ပံ့မှု ကိစ္စရပ်များကို အားကစားနည်းအလိုက် ကြိုတင်လျာထား ဖို့လိုကြောင်း၊ အားကစားကဏ္ဍတိုးတက်မြင့်မားရေး အတွက်လိုအပ်သည့် အကြံဥာဏ်များ၊ ပူးပေါင်း ဆောင်ရွက်မှုများ၊ ရှေ့ဆက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေး ပေးကြရန် တိုက်တွန်းပြောကြားသည်။
 
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြည်နယ် အားကစားဖွံဖြိုး တိုးတက်ရေး ဆိုင်ရာများ ဆွေးနွေးပြောကြားပြီး ကရင်ပြည်နယ်အားကစားနှင့် ကာယပညာ ကော်မတီ အတွင်းရေးမှူး ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးစိုးနိုင်က ကိုဗစ် အလွန်ကာလတွင် အားကစားလှုပ်ရှားမှုများဆောင်ရွက်နိုင်ရေး၊ အားကစားအခြေခံသင်တန်း များ နည်းပြသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ အားကစားကွင်း/အားကစားရုံများ ပြန်လည်အသုံးချနိုင်ရေးနှင့် ဒေသအလိုက် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးတင်ပြခဲ့ကာ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဂျူဒို၊ ဘက်စကက်ဘော၊ ဘောလီဘော၊ ပြေးခုန်ပစ်၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ စက်ဘီး၊ ကာယဗလနှင့် ကာယကြံခိုင်၊ ရိုးရာခြင်းလုံး၊ သိုင်း၊ ရိုးရာလက်ဝှေ့/Boxing ၊ ဂေါက်သီး၊ ရေကူး၊ စစ်တုရင်၊ ဖူဆယ်၊ မသန်စွမ်း၊ အမျိုးသမီးအားကစားဆပ်ကော်မတီများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး များက သက်ဆိုင်ရာအားကစားနည်းအလိုက် ဆွေးနွေး တင်ပြခဲ့ ကြသည်။
 
ယင်းနောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်လာသူများက ပြန်လည် သုံးသပ် ဆွေးနွေး ခဲ့ကြပြီး ကရင်ပြည်နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ကြောင်း သိရသည်။
 
စောမျိုးမင်းသိန်း