တောင်ငူ စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်းကို ဒုတိယအကြိမ်အဖြစ် ဦးတည်အုပ်စုများအား ဦးစားပေးအလိုက် စုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိရာ ထိုးနှံရန် ရက်ချိန်းများအလိုက် ကျန်ရှိနေသူများအား ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ဂယ်ခိုဂယ်ဘား ခရစ်ယာန်ကျောင်းအတွင်း ထိုးနှံပေးခြင်းများ ဆောင်ရွက်သည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းမပြုမီ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ လူဦးရေ ၆၀ ကျော်အား နံနက်ပိုင်းတွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို တောင်ငူမြို့ မြစည်းခုံ သာသနာ့ဗိမာန်(ဟောင်း) ၊ ဂယ်ခိုဂယ်ဘား ခရစ်ယာန်ဘုရားကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် ကေတုမတီမြို့သစ် အထက်တန်းကျောင်းနေရာများတွင် ဆေးထိုးစုရပ်နေရာအဖြစ် သြဂုတ်လ နောက်ဆုံးအပတ်မှစ၍ စက်တင်ဘာလ ပထမပတ်အတွင်း ဒုတိယအကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ လူဦးရေ စုစုပေါင်း တစ်သောင်းကျော်အား ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ဇော်ထက် (ခရိုင် ပြန်/ဆက်)